ချစ်သူမိန်းကလေးလက်မှ သေနတ်ကျည်ဆန် မတော်တဆ ထိမှန်ပြီး ထိုင်းရဲတဦး သေဆုံး

ဓာတ်ပုံ - Sanook
ထိုင်းရဲဝန်ထမ်း အမျိုးသားတဦးဟာ အလုပ်ပြီးချိန် အိမ်အပြန်မှာ ချစ်သူမိန်းကလေးရဲ့လက်မှ သေနတ် မတော်တဆထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ရပ်ခ်ျကွန်အမည်ရ ရဲဝန်ထမ်း အမျိုးသားဟာ သြဂုတ် ၂ ရက်နေ့ ညသန်းခေါင်အချိန်မှာ ချစ်သူမိန်းကလေး မောင်းနှင်တဲ့ကားနဲ့ အိမ်ကိုပြန်ခဲ့တာလို့ ထိုင်းအခြေစိုက် ဆနွတ်ခ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့ဟာ ဘန်ကောက်မြို့၊ နွန်သဘူရီဒေသ၊ ရက်တနာသီဘက် လမ်းမကြီးပေါ်မှ စစ်ဆေးရေးဂိတ်အရောက် ၀န်ထမ်းမှတ်ပုံတင်ပြဖို့ မိန်းကလေးဆီမှတဆင့် သူ့ရဲ့အိတ်ကို လှမ်းအယူမှာ အိတ်ထဲရှိ သေနတ်ထဲက ကျည်ဆန်ထွက်ပြီး သူ့ကို ထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဆိုပါမိန်းကလေးဟာ စစ်ဆေးရေးဂိတ်ဆီ သွားရောက်ပြောပြခဲ့ချိန်မှာတော့ ရဲအရာရှိ ၃ ဦး လိုက်ပါလာပြီး သူတို့က သေနတ်ထိမှန်ထားတဲ့ အဆိုပါအမျိုးသားကို ပလာနန်ကလာအိုဆေးရုံဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဆေးရုံကို ရောက်ရှိချိန်မှာတော့ အဆိုပါအမျိုးသားဟာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကနဦးဆေးစစ်ချက် မှတ်တမ်းတွေအရ အဆိုပါအမျိုးသားရဲ့ အလောင်းမှာ ဘယ်ဘက်ခြေထောက်ကို သေနတ်ကျည် ဖောက်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်ဘက်ညို့သကျည်း နောက်ဘက်နဲ့ ဒူးရဲ့အနောက်ဘက်ပိုင်းမှာ ထိခိုက်ဒဏ်ရာ ၂ ခု တွေ့ရှိခဲ့ရပြီး ကားထဲမှာ Glock-23 အမျိုးအစား သေနတ်တလက်ကို ရဲတွေက တွေ့ရှိခဲ့ကြတာပါ။ တွေ့ရှိရတဲ့ သေနတ်ထဲမှာတော့ ကျည်ဆန်မရှိဘဲ အသုံးမပြုရသေးတဲ့ ကျည်ဆန် ၁၀ တောင့်ကို ကားထဲမှာ တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူ့ရဲ့ချစ်သူ အသက် ၂၃ နှစ်အရွယ် ဆူဖက်ပစ်ချရာ အမည်ရတဲ့ မိန်းကလေးကတော့ သူတို့ဟာ အခင်းမဖြစ်ခင် ညပိုင်း ၁၁ နာရီခွဲလောက်မှာ ရာမ-၅ အရပ်မှ စားသောက်ဆိုင်တဆိုင်မှာ အတူစားသောက်ခဲ့ကြပြီး သူက ကားမောင်းကာ အိမ်ပြန်ခဲ့တာလို့ ပြောပါတယ်။ လက်ရှိမှာတော့ အလောင်းကို အသေးစိတ် ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေပြီး မိန်းကလေးကိုတော့ ရက်တနာသီဘက် ရဲစခန်းမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up