Home
မြန်မာသတင်း
အရက်ဘီယာ ထုတ်လုပ်သယ်ယူရောင်းချမှု အခွန်နှုန်းထား ပြင်ဆင်ကောက်ခံဦးမည် မဟုတ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 4, 2016
အရက်ဘီယာ သောက်သုံးမှုကြောင့် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နိုင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပေမယ့် အရက်ဘီယာ ထုတ်လုပ်သယ်ယူရောင်းချမှု အပေါ်မှာတော့ အခွန်နှုန်းထား ပြောင်းလဲပြင်ဆင် ကောက်ခံဦးမှာ မဟုတ်သေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။ အရက်ဘီယာ သောက်သုံးမှုကြောင့် ကျန်းမာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ထိခိုက်လာနိုင်တဲ့အတွက် ဈေးကွက်အတွင်း ရောင်းချနေတဲ့ အရက်ဘီယာ ထုတ်လုပ် ရောင်းချနေမှုတွေ အပေါ်ကို စိစစ်ပိတ်ပင်ရန်နှင့် အခွန်နှုန်းထား တိုးမြှင့်ကောက်ခံရန် အစီအစဉ်ရှိမရှိ မေးခွန်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စန်းမောင်မောင်က မေးမြန်းခဲ့ပါတယ်။ “သိရှိမေးမြန်းလိုသည်မှာ နံပါတ်တစ် မြန်မာနိုင်ငံတွင် အရက်သောက်သုံးသူ လျော့နည်းအောင် အရက်ဘီယာများကို အရည်အသွေး မပြည့်သည့်၊ လိုင်စင်လည်းမရှိသည့် ဥပဒေမဲ့ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းများကို စိစစ်ပေးစေရန်နှင့် အခွန်တိုးကောက်ရန် အစီအစဉ် ရှိ/မရှိနှင့် နံပါတ်နှစ် အရက်နှင့်ဆိုင်သော ကျန်းမာရေး ပညာပေးမှု အစီအစဉ်များကို တနိုင်ငံလုံး လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ပညာပေးရေး အစီအစဉ် ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။” ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ၂၀၁၁ ခုနှစ် ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အမျိုးသား ၉၈ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁ ဒသမ ၅ ရာခိုင်နှုန်းက အရက်ဘီယာ ယမကာ တမျိုးမျိုးကို သောက်သုံးနေတယ်လို့ ဖော်ပြပါရှိပါတယ်။ အရက်ဘီယာ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးမှုတွေ အနေနဲ့ ပတ်သက်ပြီးတော့ လျော့ကျအောင် ဆောင်ရွက်နေပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာခုနှစ်မှာ ယစ်မျိုးလိုင်စင် ချထားပေးမှု ၄၁၂၉၁ ဦးရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာတော့ ၄၁၁၅၁ ဦးကိုသာ လိုင်စင်ချထားပေးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။ အရက်ဘီယာ ထုတ်လုပ်ရောင်းချမှု လျော့ကျရေးအတွက် ဆောင်ရွက်နေမှု အပိုင်းကိုတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မေးမြန်းမှုအပေါ်မှာ အခုလို ဖြေကြားခဲ့ပါတယ်။ “အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာကော စစ်ဆေးမှုများ ခံယူစေလျက် ရှိပါတယ်။ ဒီလို စစ်ဆေးမှုများ ခံယူခြင်း မပြုပါက သို့မဟုတ် စစ်ဆေးမှု ခံယူသော်လည်း အန္တရာယ်ဖြစ်စေသော ဓာတုဗေဒပစ္စည်းများ ပါဝင်နေပါက အဆိုပါလိုင်စင်မှ အရက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းကို ရပ်ဆိုင်းထားစေရန်၊ သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများကိုလည်း ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်နေ့မှာ ညွှန်ကြားကြပ်မတ် ဆောင်ရွက်လျက် ရှိပါတယ်။” မြန်မာနိုင်ငံမှာ ၁၉၈၇ ခုနှစ် ယစ်မျိုးအက်ဥပဒေ၊ ၁၉၈၈ ခုနှစ် ယစ်မျိုးနည်းဥပဒေ၊ ၁၉၈၉ ခုနှစ် ယစ်မျိုးညွှန်ကြားချက်တွေနဲ့ အရက်ဘီယာ ထုတ်လုပ်ရောင်းချမှုတွေအပေါ်မှာ စစ်ဆေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာကတော့ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်ကာ ယစ်မျိုးလိုင်စင် ချထားပေးခြင်း၊ ယစ်မျိုးလေလံလိုင်စင် ရောင်းချပေးခြင်း၊ ယစ်မျိုးအခွန်ကောက်ခံခြင်း၊ ယစ်မျိုးလိုင်စင်များ စနစ်တကျ ရရှိရေးအတွက် ယစ်မျိုးလိုင်စင် ပိတ်သိမ်းခြင်းတွေကို ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရုံးရဲ့ ၂၀၀၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ညွှန်ကြားချက်အရ ယစ်မျိုးလိုင်စင် တိုးမြှင့်ကောက်ခံရေး၊ စိစစ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ယစ်မျိုးလိုင်စင် လုပ်ငန်းတွေအပေါ်မှာ စိစစ်မှုတွေ ပြုလုပ်နေပြီး ယစ်မျိုးဖမ်းဆီး အရေးယူနိုင်မှုတွေကတော့ ၂၀၁၁ ခုနှစ်မှာ ၁၅၅၅၈ မှု၊ ၂၀၁၂ ခုနှစ်မှာ ၁၇၀၉၆ မှု၊ ၂၀၁၃ ခုနှစ်မှာ ၁၈၇၀၀ မှုနဲ့ ၂၀၁၄ ခုနှစ်မှာ ၁၇၆၈၇ မှု၊ ၂၀၁၅ ခုနှစ်မှာ ၁၉၉၈၅ မှုနဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လကုန်အထိ ၃၉၀၀ ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024