ဓားထောက်သေကြောင်းကြံသူကို ရဲအရာရှိများက သေနတ်ဖြင့် အကြိမ်ကြိမ်ပစ် (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ထောက်ပြီး သေကြောင်းကြံဖို့ ကြိုးစားတဲ့ အမျိုးသားတဦးကို ရဲအရာရှိတွေက သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့လို့ သေသွားခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာမာရီယာမြို့၊ ဘရော့ဒ်ဝေးလမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ RawLeak သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီအဖြစ်အပျက်ဟာ အချိန် ၁ နာရီခွဲကျော်လောက် ကြာမြင့်ခဲ့ပြီး အသက် ၃၁ နှစ်အရွယ် ဂျေဗီယာဂါအိုနာ အမည်ရတဲ့ အမျိုးသားဟာ ဓားနဲ့ သူ့လည်မျိုကို ထောက်ထားခဲ့ပြီး ရဲအရာရှိတွေကို သူ့ကိုသတ်လိုက်ဖို့ အော်ဟစ်ပြောဆိုခဲ့တာပါ။
ရဲတွေက သူ့ကို ဖျောင်းဖျညှိနှိုင်းဖို့ ကြိုးစားခဲ့ကြပေမယ့် သူတို့ဘက်ကို ဓားနဲ့ဝှေ့ယမ်း ခြိမ်းခြောက်ခဲ့လို့ မတတ်သာဘဲ ပစ်ခဲ့ရတာလို့ ပြောပါတယ်။
အဲဒီအဖြစ်အပျက်မတိုင်ခင်မှာ ရဲတွေက အဆိုပါအမျိုးသားအနီးမှာ တပ်ဖြန့်ထားခဲ့တာဖြစ်ပြီး ခုလို အင်အားသုံး ဖြေရှင်းခဲ့မှုအတွက် ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။
ဆန်တာမာရီယာရဲချုပ် ရာလ်ဖ် မာတင်ကတော့ ရဲအရာရှိတွေအနေနဲ့ ဘယ်လိုအခြေအနေမှာမဆို အင်အားသုံး မဖြေရှင်းချင်ကြပေမယ့် ခုလိုအခြေအနေမှာတော့ သူတို့အတွက် ရွေးချယ်ခွင့်မရှိခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးသူ ဂါအိုနာဟာ စိတ်ရောဂါအခြေအနေတမျိုး ရှိနေတာဖြစ်ပြီး ပြစ်မှုကျူးလွန်မှုတွေအတွက် ၆ ကြိမ်လောက် အဖမ်းခံခဲ့ရဖူးတယ်လို့ မာတင်က ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ လူ ၂၀ လောက်ဟာ စုရုန်းရောက်ရှိနေခဲ့ကြတာဖြစ်ပြီး ရဲအရာရှိတွေကို လူသတ်သမားတွေလို့ အော်ဟစ်ပြောဆိုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ဆန်တာမာရီယာရဲဌာန အနေနဲ့ ခုလိုဖြစ်ရတဲ့ အကြောင်းရင်းကို ပြန်လည်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။