A d v e r t i s e m e n t With Us

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ဂျပန်ရေပိုင်နက်အနီးကျရောက်

မြောက်ကိုရီးယားက ဒီကနေ့ပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးကျည်တလုံးဟာ ဂျပန်ထိန်းချုပ်ရေပိုင်နက်တွင်း သို့မဟုတ် အနီးကို ကျရောက်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။ ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံး အန်တုတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒုံးကျည်ရဲ့ အဓိကဘော်ဒီအပိုင်းအစတွေဟာ ဂျပန်ရဲ့စီးပွားရေးဇုန်တွင်း ကျရောက်တယ်လို့ ဂျပန်ကာကွယ်ရေးတာဝန်ရှိသူတွေက ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီဒုံးကျည်ပစ်ခတ်မှုဟာ ဂျပန်နိုင်ငံကို ခြိမ်းခြောက်မှုကြီးဖြစ်တယ်လို့ ညွှန်းဆိုပြောကြားခဲ့ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကလည်း ဒီပစ်ခတ်မှုကို  ပြစ်တင်ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက မြောက်ကိုရီးယားလုပ်ရပ်အပေါ် တန်ပြန်မှုတိုးများလာစေလိမ့် မယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု မဟာဗျူဟာဌာနကတော့ မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည် ၂ လုံးပစ်ခတ်ရာမှာ တလုံးက ပစ်ခတ်ပြီးပြီးချင်း ပေါက်ကွဲသွားခဲ့တယ်လို့ ပြောပါတယ်။ ဒီနှစ်အတွင်း မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုတွေ၊ နျူကလီးယားစမ်းသပ်မှုတွေကြောင့် တင်းမာမှုတွေမြင့်မားပြီး အမေရိကန် အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစနစ်ကို တောင်ကိုရီယားနိုင်ငံမှာ ဖြန့်ကျက်ဖို့ဆုံးဖြတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ဒီစနစ်ကို တပ်ဆင်ရင် တိုက်ခိုက်မယ်လို့ ကြုံးဝါးခြိမ်းခြောက်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဆင်းရေးဌာနအကြီးအကဲရဲ့ ထုတ်ပြန်ချက်မှာ ဒီနေ့မနက် ၇ နာရီခန့်မှာ ဒုံးကျည်ဟာ ဂျပန်ပင်လယ်တွင်း ကျရောက်ခဲ့တယ်လို့ဆိုပါတယ်။ ဒုံးကျည်ဟာ မိုင် ၆၂၀ (ကီလို ၁၀၀၀) ပြေးတဲ့ Rodong တာလတ်ပစ်ဒုံးကျည် အမျိုးအစားဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒီလကုန်မှာ တောင်ကိုရီးယားနဲ့ ပုံမှန်စစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေပြီး ဒါကို မြောက်ကိုရီးယားက ကျူးကျော်ဖို့ လေ့ကျင့်တာအဖြစ် အမြဲပြောဆိုဆန့်ကျင်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း မြောက်ကိုရီးယားဟာ သူ့နိုင်ငံအရှေ့ဘက်ကမ်းခြေကနေ ကီလိုမီတာ ၅၀၀-၆၀၀ ကြား ပဲ့ထိန်းဒုံးကျည် ၃ လုံးပစ်ခတ်ခဲ့ပါသေးတယ်။ ဒီနှစ်ဇန်န၀ါရီလမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစမ်းသပ်မှု လုပ်ကတည်းက ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တဖြည်းဖြည်းတိုးမြင့်လာနေပါတယ်။ ကိုရီးယား ၂ နိုင်ငံအကြားမှာလည်း ၁၉၅၀-၅၃ စစ်ပွဲအဆုံးသတ်ပြီးကတည်းက အပြန်အလှန်စကားလုံးတွေနဲ့ စစ်ခင်းနေကြဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up