ဆီးရီးယားသူပုန်တပ်ဖွဲ့ အင်အားပြန်စုစည်းပြီး အပြင်းအထန် ထိုးစစ်ဆင်

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့မှာ ဆီးရီးယားစစ်တပ်နဲ့ အီရန်နောက်ခံတဲ့ တပ်ဖွဲ့တွေရဲ့ ပိတ်ဆို့အ၀ိုင်းခံနေရတာကနေ ဖောက်ထွက်ဖို့ ဆီးရီးယားသူပုန်တပ်တွေ အင်အားပြန်လည်စုစည်းပြီး အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။
အလက်ပိုမြို့ရဲ့ အရှေ့ပိုင်းကို ဆီးရီးယားသူပုန်တွေ ၂၀၁၂ ခုနှစ်ကတည်းက ထိန်းချုပ်ခဲ့ကြတာဖြစ်ပြီး ဇူလိုင်လလယ်ပိုင်းကစလို့ ဆီးရီးယားစစ်တပ်နဲ့ ရှီးယားပြည်သူ့စစ်တွေဟာ ရုရှားလေကြောင်းထိုးစစ်တွေနဲ့ ပူးပေါင်းပြီး အလက်ပိုမြို့ သူပုန်ထိန်းချုပ်တဲ့အပိုင်းကို ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ခဲ့တာပါ။
အခုထိုးစစ်ကို အင်အားအကောင်းဆုံး သူပုန်တပ်ဖွဲ့တွေဖြစ်တဲ့ အယ်ရာ အယ်ရှမ် (Ahrar al-Sham) တပ်ဖွဲ့နဲ့ အရင် အယ်နစရာတပ်ဦး (Al Nusra) တို့က ဦးဆောင်ကာ သူပုန်တပ်ဖွဲ့တွေ စုပေါင်းပြီး အပြင်းအထန် တိုက်ခိုက်နေတာပါ။
သြဂုတ် ၂ ရက်က ဆီးရီးယားစစ်တပ်၊ အီရန်နဲ့ ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ အလက်ပိုမြို့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းက နယ်မြေတချို့ကို ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့တယ်လို့ သူပုန်တပ်ဖွဲ့တွေက ပြောပါတယ်။
ဆီးရီးယားစစ်တပ်ဟာ အီရန်ရော ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေပါ နောက်ခံထောက်ပံ့ပေးထားပြီး ရုရှားလေတပ်ကပါ အားဖြည့်ပေးထားတဲ့အတွက် သူပုန်တပ်ဖွဲ့တွေအတွက် အတော်ခက်ခဲမယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။