တိုင်းနှင့်ပြည်နယ် ၆ ခုတွင် လူပေါင်းတသိန်းကျော် ရေဘေးသင့်

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ်က လူတသိန်းသုံးသောင်းလောက် ရေဘေးဒဏ်ခံစားနေရပြီး ကယ်ဆယ် ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။
စစ်ကိုင်းမှာ ၂ သောင်းကျော်၊ မန္တလေးတိုင်းမှာ ၄ သောင်းနီးပါး၊ မကွေးတိုင်းမှာ ၆ သောင်းနီးပါး ရေဘေးကြုံနေရပြီး လူမှုကယ်ဆယ်ရေးကဌာနက စားဝတ်နေရေပြေလည်ဖို့ ထောက်ပံ့ပေးတယ်လို့ ပြောပါတယ်။
“အခု လတ်တလော သူတို့ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဆန်ထောက်ပံ့တယ်။ နောက်ပြီး ခေါက်ဆွဲခြောက်တွေ၊ ငါးဘူးတွေထောက်ပံ့ပါတယ်ရှင်။ အိမ်တွေဘာတွေပြိုတယ်ဆိုရင်လည်း အိမ်ဆောက်ပစ္စည်းဖို့ ငွေပါထောက်ပံ့ပါတယ်။”
ရေကြီးမှုကြောင့် ပြိုကျသွားတဲ့အိမ်ရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးကြောင်းနဲ့ ဒီစာရင်းဟာ သြဂုတ်လ ၂ ရက်နေ့ထောက်ဆုံးရထားတဲ့ စာရင်းသာဖြစ်တယ်လို့ ပြောပါတယ်။
ဒီရေကြီးမှုကြောင့် ကချင်ပြည်နယ်က လူနှစ်ဦး မျောပါသေဆုံးသွားတာကလွဲလို့ ကျန်တိုင်းဒေသကြီးမှာ သေဆုံးတာမကြားရသေးဘူးလို့လည်း ပြောပါတယ်။
ရေကြီးနစ်မြုပ်မှုတွေကြောင့် ဧရာဝတီတိုင်းဒေသကြီးတခုတည်းမှာ ကျောင်းပေါင်း ၃၇ ကျောင်းကို သြဂုတ် ၂ ရက်နေ့က စတင်ပိတ်ထားလိုက်ပြီလို့ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
မန္တလေးမြို့ တောင်သမန်အင်းမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် ဇူလိုင်လ ၃၁ ရက် ညနေပိုင်းကစပြီး ဦးပိန်တံတားကို အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ရသလို မန္တလေး ရတနာပုံတက္ကသိုလ်ကိုလည်း ပိတ်ထားရပါတယ်။