Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းဟု မသုံးစွဲရန် လွှတ်တော်တွင် အဆိုတင်
DVB
·
August 3, 2016
ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းဆိုတဲ့ အသုံးအနှုန်းကို မသုံးစွဲဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ်ကို ဒီနေ့ စတင်ကျင်းပခဲ့ပြီး ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကိုးကွယ်တဲ့ဘာသာကို အစွဲပြုပြီး လူမျိုးအမည် သတ်မှတ်တာမရှိလို့ ရခိုင်ပြည်နယ်က မွတ်စလင်ဆိုတဲ့ စကားအသုံးအနှုန်းကြောင့် ရှုပ်ထွေးမှုတွေ၊ ဆိုးကျိုးတွေ ဖြစ်လာနိုင်လို့ တင်သွင်းတာဖြစ်ကြောင်း သူက ပြောပါတယ်။ ဦးထွန်းအောင်သိန်းက “ကိုးကွယ်ရာ ဘာသာကို အစွဲပြု၍ လူမျိုးအမည်ကို ခေါ်ဝေါ်သုံးစွဲမယ်ဆိုပါက ကမန်လူမျိုးတို့ရဲ့ နောက်ခံသမိုင်း အထောက်အထား ပျောက်ကွယ်သွားပြီး ရခိုင်ပြည်နယ်အတွင်း အသစ်ဝင်ရောက်လာသော လူမျိုးတစ်မျိုးဖြစ်သွားသောကြောင့် သူတို့၏ ရသင့်ရထိုက်တဲ့ အခွင့်အရေး အလိုအလျှောက် ဆုံးရှူံးသွားမှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ ရှိရင်းစွဲ အမည်နာမကို ဖျောက်ဖျက်စေခြင်းသည် ထိုမျိုး၏ သမိုင်းနောက်ခံကို ပျောက်ကွယ်သွားစေတဲ့အတွက် တနည်းအားဖြင့် တိုင်းပြည်ရဲ့ ဆိုးကျိုးကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်”လို့ ပြောပါတယ်။ သူ့ရဲ့အဆိုမှာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်သလို ရခိုင်ပြည်နယ်တခုတည်းနဲ့မကပဲ ပြည်ထောင်စုတစ်ခုလုံးရဲ့ ပြဿနာဖြစ်လာနိုင်တဲ့အတွက် ဘင်္ဂါလီလို့ပဲ ဆက်လက်သုံးစွဲဖို့ ပြည်နယ်အစိုးရတစ်ဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်း ကြောင်း အဆိုအဖြစ် တင်ခဲ့တာပါ။ အဲ့ဒီအဆိုကို မြေပုံမြို့နယ် မဲဆန္ဒနယ် (၂)က ဦးမြသန်းက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်လွှတ်တော်က ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ ဦးမြသန်းက “ထောက်ခံတင်ပြရတဲ့အကြောင်းကတော့ ဒီ တင်ပြတဲ့အဆိုဟာ မြန်မာတစ်နိုင်ငံလုံးနဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစလုံးနဲ့ သက်ဆိုင်လာတဲ့အတွက် လေးလေးနက်နက် ထောက်ခံရတာပါ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ဇွန် ၁၇- ရက်နေ့က ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်ကနေ ရခိုင်ပြည်နယ်ရှိ ဘဂါင်္လီအရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းပြောဆိုဖို့ တင်သွင်းခဲ့တာပါ။ ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းမယ့်အပေါ် ပြီးခဲ့တဲ့ ဇူလိုင်လက ရခိုင်ပြည်နယ်တ၀န်းလုံးမှာလည်း ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်း - ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024