အစိုးရနှင့် ရခိုင်၊ တအာင်း၊ ကိုးကန့်တပ်ဖွဲ့များ ၅ ရက်အတွင်း တွေ့ကြမည်
DVB
·
August 3, 2016
၂၁ ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ရခိုင်၊ တအာင်း၊ ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နဲ့ ငါးရက်အတွင်း တွေ့ဆုံကြမယ်လို့ ကော်မတီ ဒုဥက္ကဋ္ဌ ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။
သူက “ဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်တို့ သူတို့သွားဖို့ပြင်တယ်ဗျ။ ဘယ်နေ့လဲတော့ ကျနော်မသိသေးဘူး။ သူတို့ညှိနေတုန်းပဲ။ အရင်ကတည်းက ညှိနေတာကြာပြီ။ တွေ့မယ့် နေရာကတော့ မိုင်းလားဘက်တွေမှာပါပဲ၊ အဲဒီဘက်တွေပါပဲ။ အခုရက်ပိုင်းအတွင်း သွားဖြစ်ဖို့တော့ ပြင်နေတာပဲ။
“ကျနော်သိသလောက်က ၈ ရက်နေ့မတိုင်ခင်တွေ့နိုင်ဖို့ ပြင်ဆင်နေတာပေါ့နော်။” လို့ ပြောပါတယ်။
ညီလာခံပြင်ဆင်ရေးကော်မတီအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ အားလုံးပါဝင်နိုင်သလောက်ပါဝင်ဖို့ ကြိုးစားနေတဲ့အတွက် အားလုံးကို ညှိနှိုင်း၊ တင်ပြ၊ နည်းလမ်းရှာဆွေးနွေးသွားမယ်လို့ သူက ပြောပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံကို ဒီလနောက်ဆုံးပတ်ထက်နောက်မကျစေဖို့နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်အောင် ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါတယ်။
တပ်မတော်အကြီးအကဲကတော့ ဒီသုံးဖွဲ့ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ထိုးခွင့်မပြုဘဲ လက်နက်စွန့်ဖို့ ပြောဆိုထားပါတယ်။
အန်စီအေလက်မှတ်မထိုးကြရသေးတဲ့ အဖွဲ့တွေက အဖွဲ့ဝင်တွေ အားလုံးပါဝင်ခွင့်ပြုမှသာ အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ်ထိုးဖို့ သဘောထားကို လွန်ခဲ့တဲ့သီတင်းပတ်က ထပ်မံ အတည်ပြုပြောကြားခဲ့ပါတယ်။