Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု ခေတ်မစားတော့ဟု အစိုးရသတင်းစာ ရေး
DVB
·
August 3, 2016
စစ်တပ်က အာဏာသိမ်းတာ ဒီနေ့ခေတ်မှာ ခေတ်မစားတော့ဘူးလို့ အစိုးရပိုင်သတင်းစာ အာဘော်က ရေးသားဖော်ပြလိုက်ပါတယ်။ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့ တူရကီစစ်တပ်က အာဏာသိမ်းမှုကို ဥပမာပေးပြီး မြန်မာ့အလင်းသတင်းစာအာဘော်က ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။ “တူရကီပြည်သူများက လမ်းမပေါ်ထွက်၍ အာဏာသိမ်းမှုကို ရဲရဲရင့်ရင့် ဆန့်ကျင် ပြခဲ့ခြင်းဖြစ်သည်။ ထို့အတွက် ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့သည်။ အတိုက်အခံ ပါတီများကလည်း သမ္မတမစ္စတာအာဒိုဂန်အပေါ် မကျေနပ်မှုများရှိသည့်တိုင် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။” လို့ ရေးသားထားပါတယ်။ တခါ “ကမ္ဘာနှင့်ချီတဲ့အာဏာသိမ်းမှုများကို လေ့လာထားသောစာရင်းများအရ ၁၉၆၀ ခုတစ်ဝိုက်က အာဏာသိမ်းမှုများ ခေတ်အစားဆုံးဖြစ်ခဲ့တယ်။ ၁၉၅၀ မှ ၂၀၁၀ ခုနှစ်လောက်အထိ ကာလ အတွင်း ကမ္ဘာတွင် အာဏာသိမ်းမှုပေါင်း ၄၅၇ ခုဖြစ်ခဲ့တယ်။ ဒီထဲ  ၂၂၇ ခု (၄၉ ဒသမ ၇ ရာခိုင်နှုန်း) က အောင်မြင်ခဲ့ပြီး၊ ၂၃၀ (၅၀ ဒသမ ၃ ရာခိုင်နှုန်း) က ရှုံးနိမ့်တဲ့  အာဏာသိမ်းမှုများ ဖြစ်ခဲ့တယ်လို့လည်း မြန်မာ့အလင်းသတင်းစာက ရေးပါတယ်။ လေ့လာချက်များအရ ဒီမိုကရေစီမှ အာဏာသိမ်းခံရမှုများမှာ ဆယ်စုနှစ်များနှင့်ချီပြီး စီးပွားရေးကျဆင်းသွားတယ်။ နောက်ဆုံးမှာ  မူလဒီမိုကရေစီခေတ်ထက် တဦးချင်းဝင်ငွေ ၁၀ ဆမျှ အထိ လျော့နည်းသွားတတ်တယ်လို့လည်း  ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းမှုတွေ ကြုံတွေ့ပြီးဖြစ်လို့ အဲ့ဒီအချက် မှန် မမှန် အငြင်းပွားစရာမလိုဘူး၊ ဒီမိုကရေစီမှ အာဏာရှင် သို့ပြောင်းသွားရင်  ဆုတ်ယုတ်ပျက်စီးမှု မြန်ဆန်လှပေမယ့် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာမှာ ဘက်ပေါင်းစုံမှ ကျားကုတ်ကျားခဲလုပ်ဆောင်ရလေ့ရှိပြီး အကျိုးရလဒ်များ ဖြည်းဖြည်းမှန်မှန်သာ ရလေ့ရှိတတ်တယ်လို့လည်း အစိုးရသတင်းစာအာဘော်က ရေးသား ဖော်ပြပါတယ်။ မကြာသေးခင်ကလည်း အစိုးရပိုင် ကြေးမုံသတင်းစာက မြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းဖို့ ရေးသားဖော်ပြခဲ့ဖူးပြီး အရင်ခေတ်က မမြင်မတွေ့ရဖူးတဲ့ အာဘော်တွေ ရေးသားဖော်ပြ လာကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024