ကန်ကျောက်ရိုက်နှက်မှု ရုပ်သံဗွီဒီယို ကေအန်ယူက စစ်ဆေးဖော်ထုတ်မည် (ရုပ်သံ)

3.9K
မူးယစ်လူငယ်တွေကို ကန်ကျောက်ရိုက်နှက်နေတဲ့ ဗွီဒီယိုဖိုင်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေး အရေးယူမယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်က သြဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်က တာဝန်ရှိသူတွေ လူငယ်တွေကို ကြိုးနဲ့ချီပြီး ရိုက်နက်ကန်ကြောက်တဲ့ ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်ရောက်ရှိခဲ့ပြီး ဝေဖန်ခံခဲ့ရတဲ့အပေါ် ရှင်းလင်းတာပါ။
အဆိုလူငယ်တွေဟာ မူယစ်ဆေးဝါးသုံးစွဲကာ မူးယစ်ရမ်းကားသူတွေဖြစ်ကြပြီး လူမှုအသိုင်းအ၀ိုင်းကနေ လက်မခံတော့လို့ ကေအန်ယူဆီ ပို့ဆောင်လာတဲ့ လူငယ်တွေဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိမိရဲ့အားနည်းချက်ကို ၀န်ခံကြောင်း၊ ဒီဖြစ်စဉ်ဟာ ကေအန်ယူရဲ့ စည်းမျဉ်းနဲ့ မကိုက်ညီသလို ကေအန်ယူခေါင်းဆောင်က ညွှန်ကြားချက်မဟုတ်ကြောင်းလည်း ရှင်းလင်းဖော်ပြပါတယ်။
ဘာကြောင့် ဒီလို ရိုက်နှက်ကန်ကျောက်တယ်ဆိုတာကိုတော့ ကြေညာချက်မှာ မဖော်ပြပါဘူး။
ဒီကိစ္စကို စုံစမ်းစစ်ဆေးမှာဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့ လုပ်ပိုင်ခွင့်ထက် ပိုမိုလုပ်ဆောင်တာ ပေါ်လွင်ရင် အရေးယူသွားမှာဖြစ်ကြာင်း ထုတ်ပြန်ထားပါတယ်။
အလားတူ ထပ်မံမဖြစ်စေဖို့ ကေအန်ယူအနေနဲ့ တာဝန်ယူဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။
၃ မိနစ် ၃၈ စက္ကန့်ရှည်ကြာတဲ့ အဆိုပါ ဗွီဒီယိုဖိုင်ထဲမှာ ကေအန်ယူ ယူနီဖောင်းဝတ်ရဲဘော် ဆယ်ဦးခန့်က ဖမ်းဆီးထားတဲ့ လူငယ် ၉ ဦးလက်တွေကို စုတွဲကြိုးချည်ထားပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
“ဘာကြောင့်ရန်ဖြစ်တာလဲ¹ လို့ မေးမြန်းပြီး ကေအန်ယူယူနီဖောင်းဝတ်စစ်သားတဦးက လူငယ်နှစ်ဦးကို တင်ပါးနဲ့ ပါးကို စစ်ဖိနစ်နဲ့ ကန်ကျောက်မေးမြန်းတာတွေ့ရှိပါတယ်။ ယူနီးဖောင်းဝတ် တဦးကလည်း ကျပ်ပြားဝိုင်းအရွယ်ခန့် ၀ါးတုတ်နဲ့ လူငယ်တွေရဲ့လက်တွေကို လိုက်လံရိုက်နှက်နေတာတွေ့ရှိပါတယ်။
ဒီဗွီဘီက သီးခြားအတည်မပြုနိုင်တဲ့ တခြားအွန်လိုင်းစာမျက်နှာတွေမှာ ဖော်ပြချက်အရ စတိတ်ရှိုးပွဲတခု အောက်မှာ ဒီလူငယ်တွေရန်ဖြစ်တာကို ကေအန်ယူတပ်ဖွဲ့ကို တိုင်ကြားရာ ဖမ်းဆီးစစ်ဆေးတာလို့ သိရှိရပါတယ်။