တောင်ကိုရီးယားတွင် ဗောက်စ်ဝက်ဂွန်ကား မော်ဒယ်အများစု ရောင်းချမှု ပိတ်ပင်

1K
ဂျာမနီကားကုမ္ပဏီကြီး ဗောက်စ်ဝက်ဂွန် (Volkswagen) က ထုတ်လုပ်တဲ့ ကားတွေမှာ ကားမီးခိုးထုတ်လွှတ်မှု မသမာမှုတွေ ရှိခဲ့တဲ့အတွက် ဗောက်စ်ဝက်ဂွန်ကား မော်ဒယ်အများစု ရောင်းချမှုကို တောင်ကိုရီးယားနိုင်ငံမှာ ပိတ်ပင်လိုက်ပါတယ်။
ကားမော်ဒယ် ၈၀ လောက် ရောင်းဝယ်မှု ပိတ်ပင်ခံရပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ အတွက်လည်း အမေရိကန်ဒေါ်လာ ၁၆ သန်း ဒဏ်ဆောင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက သြဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဒဏ်ကြေးဟာ ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲ ဒဏ်ကြေးအပြင် ထပ်ပြီး ပေးဆောင်ရမှာပါ။
ဗောက်စ်ဝက်ဂွန်ကားကုမ္ပဏီဟာ ဥရောပရဲ့ အကြီးဆုံး ကားကုမ္ပဏီကြီးဖြစ်ပြီး ကုမ္ပဏီထုတ် ဒီဇယ်အင်ဂျင်ကားတွေမှာ မီးခိုးထုတ်လွှတ်မှု အမှန်မပြအောင် လိမ်ညာခဲ့မှုကို ပြီးခဲ့တဲ့နှစ်က ၀န်ခံထားပြီး ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်း ကားတွေရောင်းချမှု ကမ္ဘာတ၀န်း ကျဆင်းခဲ့ပြီး ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုလည်း အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
အခု တောင်ကိုရီးယားနိုင်ငံမှာ ရောင်းချမှု ပိတ်ပင်ခံရတဲ့ ကားတွေထဲမှာ ဗောက်စ်ဝက်ဂွန် Golf နဲ့ ဗောက်စ်ဝက်ဂွန် Jetta မော်ဒယ်တွေလည်း ပါဝင်ပါတယ်။
နိုင်ငံတ၀န်း အဆိုပါ ကုမ္ပဏီရုံးခွဲတွေကို တောင်ကိုရီးယား အာဏာပိုင်တွေ ၀င်ရောက်စီးနင်းပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက်ပိုင်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။