အိုင်အက်စ်ပစ်မှတ်ထားသူစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်

4K
မလေးရှားရဲစခန်းတခုကို ရောက်လာတဲ့ ခြိမ်းခြောက်စာတစ်စောင်မှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထားတဲ့ နိုင်ငံခြားခေါင်းဆောင်တွေရဲ့အမည်စာရင်းထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တယ်လို့ စင်ကာပူနိုင်ငံထုတ် သည်စထရိတ်တိုင်းမ် သတင်းစာမှာ ဖော်ပြပါတယ်။
အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေက မလေးရှားဝန်ကြီးချုပ် အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ စာတစ်စောင်ကို နီဂရီဆမ်ဘီလန်ရဲစခန်းကို တနင်္လာနေ့က ပေးပို့လာတာဖြစ်ပြီး ဒီစာနဲ့ ပတ်သက်လို့ အစစ်အမှန်ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမယ်လို့ မလေးရှားရဲတပ်ဖွဲ့ ကပြောပါတယ်။
ပစ်မှတ်ထားခံထားရသူတွေရဲ့ အမည်စာရင်းမှာ မလေးရှားဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်၊ ရှေ့နေချုပ်၊ စုံစမ်းစစ်ဆေးရေးရဲချုပ်နဲ့၊ အခြားဝန်ကြီး ၃ ဦးရဲ့ အမည်တွေလည်းပါဝင်ပါတယ်။
"အိုင်အက်စ်ခြိမ်းခြောက်မှု" လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၂ မျက်နှာပါ ဒီခြိမ်းခြောက်စာထဲမှာ နိုင်ငံခြားခေါင်းဆောင်အမည်စာရင်းထဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်နေတာဖြစ်ပြီး ပစ်မှတ်ထားတဲ့ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံမိတ္တူတွေလည်း စာနဲ့ အတူ ပူးတွဲပါလာတယ်လို့ ဆိုပါတယ်။
နီဂရီ ဆမ်ဘီလန်ပြည်နယ်မှာ အိုင်အက်စ် ၇၀၀ လောက် ရှိနေတယ်လို့လည်း စာမှာ ဖော်ပြထားပေမယ့် မလေးရှားရဲတပ်ဖွဲ့ကတော့ ဒါကိုပယ်ချလိုက်ပြီး စာပေးပို့သူဟာ မလေးရှားမှာ အိုင်အက်စ်ရဲ့ သြဇာလွှမ်းမိုးမှုကို ကြွားလုံးထုတ်ဖို့ ကြိုးစားတာလို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ .
ဒီခြိမ်းခြောက်စာနဲ့ ဓာတ်ပုံတွေကို မှုခင်းဆေးဌာနကို လွှဲပြောင်းပေးပို့ထားပြီး စာပေးပို့သူ ဘယ်သူဘယ်ဝါဆိုတာ သိရှိနိုင်ဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေတယ်လို့ ဆိုပါတယ်။