Home
မြန်မာသတင်း
မူးယစ်ဆေး မထိန်းချုပ်နိုင်ဟု အစိုးရ၀န်ခံပြောကြား
DVB
·
August 3, 2016
ခေတ်အဆက်ဆက်အစိုးရတွေ နှိမ်နင်းပေမယ့် မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်ထား နိုင်စွမ်း မရှိဘဲ ပိုမိုဆိုးရွားလာတယ်လို့ မြန်မာအစိုးရက ၀န်ခံပြောကြား လိုက်ပါတယ်။ သြဂုတ် ၂ ရက်က နေပြည်တော်မှာလုပ်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ စည်းဝေးပွဲမှာ အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ သူက “နိုင်ငံတော်အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်ထား နိုင်စွမ်း မရှိဘဲ ပိုမိုဆိုးရွားလာသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလတွင် ကမ္ဘာ့ မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂ အထူးအစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးမှ ဘက်ပေါင်းစုံ ချဉ်းကပ်မှုများ ပါဝင်သည့် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများ ရေးဆွဲနိုင်ရေး လုပ်ငန်းအကြံပြုချက်များအရ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက်သွားရန်လည်း အစီအစဉ်ရှိကြောင်း” ပြောခဲ့တာပါ။ ဒါ့အပြင် “၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ မူးယစ်ဆေးဝါးသုံးစွဲမှုသည် အရွယ်ရောက်သူ လူဦးရေ ၂၀ တွင် တဦးမှာ သုံးစွဲလျက်ရှိတယ်၊ လွန်ခဲ့တဲ့ လေးနှစ်ကြာ ကာလအတွင်း သုံးစွဲမှုအများဆုံး ကမ္ဘာ့မှတ်တမ်းတခုဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ မူးယစ်ဆေးဝါးပြဿနာမှာ အကြမ်းဖက်မှုပြဿနာများလည်းရှိနေပြီး မူးယစ်ဆေးဝါး သုံးစွဲ ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများမှတဆင့် ပြစ်မှု များကျူးလွန်နေသလို မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် ထုတ်လုပ်မှု အပိုင်းတွင်လည်း စနစ်တကျစီစဉ်ထားသော အကြမ်းဖက်မှု၊ လူသတ်မှုများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများ ဖြစ်လာ နေပါတယ်။ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ ခံစားနေရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အမျိုးသားလွှတ်တော်က မြန်မာတနိုင်ငံလုံးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို အမြစ်ပြတ်အောင် ဖမ်းဆီးအရေးယူဖို့ အစိုးရကို တိုက်တွန်းခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024