ဗီယက်နမ်ကို ရှုံးပြီး မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲနှင့် လွဲချော်

ဗီယက်နမ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းဟာ  သြစတြေးလျအသင်းနဲ့ တတိယလုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ သြဂုတ် ၂ ရက် ညနေက ယှဉ်ပြိုင်တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ ပွဲချိန် ၁၅ မိနစ်နဲ့ ၁၆ မိနစ်တွေမှာ ဗီယက်နမ်အသင်းကို ဦးဆောင်ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပေမယ့်  ပွဲချိန်  ၅၉ မိနစ်မှာ ၀င်းသိဂီထွန်းနဲ့ ၇၆ မိနစ်မှာ မေသူကျော်တို့က ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာလည်း ပင်နယ်တီကနေ တဆင့် ၁ ဂိုး ထပ်သွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ထပ်ဆောင်းအချိန်ပို နောက်ဆုံးမိနစ်မှာ ပင်နယ်တီကနေ ချေပဂိုး ပြန်ပေးခဲ့ရလို့ ၃ ဂိုးစီ သရေကျခဲ့တာပါ။ အချိန်ပို မိနစ် ၃၀ အထိ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရာမှာ မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းရဲ့ ကန်ချက်ကို ဗီယက်နမ်ဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပြီး ဗီယက်နမ်ဘက်က ၅ ဂိုးစလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တဲ့အတွက် ဗီယက်နမ်အသင်း ဗိုလ်လုပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပထမပွဲစဉ်မှာ ထိုင်းအမျိုးသမီးအသင်းက သြစတြေးလျ ယူ ၂၀ အမျိုးသမီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဗိုလ်လုပွဲနဲ့ တတိယလုပွဲစဉ်တွေကို လာမယ့် သြဂုတ် ၄ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ ထိုင်း၊ တတိယလုပွဲအဖြစ် မြန်မာနဲ့ သြစတြေးလျ ယူ ၂၀ အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - လွှမ်းမိုးအောင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up