ကြောက်မက်ဖွယ် လေပေါ်မြောက်တက် ကားတိမ်းမှောက်မှုမှ ယာဉ်မောင်းလွတ်မြောက် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ကားတစီးဟာ ကြောက်မက်ဖွယ် အရှိန်နဲ့အတူ လေပေါ်မြောက်တက်သွားခဲ့ပြီး တိမ်းမှောက်ခဲ့ချိန်မှာ ယာဉ်မောင်းဖြစ်သူဟာ အပျက်အစီးတွေကြားမှ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့ပါတယ်။
ဒီကားတိမ်းမှောက်မှုဟာ ဖလော်ရီဒါပြည်နယ်၊ ဒီလဲန်းမြို့မှာ ဇူလိုင် ၃၀ ရက်နေ့က ဖြစ်ပျက်ခဲ့တာလို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ထိတ်လန့်စရာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါကားဟာ အရှိန်ပြင်းပြင်းနဲ့ ကားရပ်နားစရာ နေရာတခုကနေ လွင့်ထွက်ပြီး လေပေါ်မြောက်တက်သွားခဲ့တာကို တွေ့ရပါတယ်။
ကားဘီးတွေလည်း ကျွတ်ထွက်သွားခဲ့ပြီး ကားတစီးလုံးဟာ ကျိုးကြေ ပျက်စီးသွားခဲ့တာပါ။
ကားရဲ့အမိုးဟာ ပြောင်းပြန်လန်သွားခဲ့ပြီး မီးခိုးလုံးတွေနဲ့ ဖုံးအုပ်နေတဲ့ ကားထဲမှာ ယာဉ်မောင်းသူဟာ ပိတ်မိနေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ကားတွင်းမှ ယာဉ်မောင်းကို ကယ်တင်ခဲ့သူ မော်ဂန်ဘစ်ဆဲလ်က “အနီးနားက လူတွေဟာ မီးငြှိမ်းသတ်ဖို့ ရောက်လာခဲ့ကြပါတယ်။ ကျနော်တို့ ကားကို ပြန်မတင်ပြီး ယာဉ်မောင်းကို ဆွဲထုတ်ခဲ့ကြရတယ်။ သူ့ကိုတော့ မီးမလောင်ဘဲ အသက်ရှင်လျက် တွေ့ရတာပါ” လို့ ပြောပါတယ်။
ကားတစီးလုံး ကျိုးပဲ့ပျက်စီးသွားခဲ့တဲ့အတွက် ယာဉ်မောင်းသူကို ကားအမိုးပေါ်ကတဆင့် ဆွဲထုတ်ခဲ့ကြရတာပါ။
လက်ရှိမှာတော့ ယာဉ်မောင်းသူရဲ့ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရရှိခဲ့လို့ သူ့ကို ရဟတ်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ခုလိုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိနိုင်သေးဘူးလို့ ရဲတွေက ပြောပါတယ်။