ရေဘေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတ၀ှမ်းလုံးက အားကိုးရာမဲ့ မျက်ဝန်းလေးများ

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် အမရပူရမြို့နယ်မှာ ကျေးရွာပေါင်း ၆၀ လောက် ရေနစ်မြုပ်နေပြီး လူပေါင်း ၈ သောင်းလောက် ရေဘေးကြုံနေရတဲ့အပြင် အမရပူရမြို့နယ်တွင်းက ရတနာပုံတက္ကသိုလ်ကျောင်း ခေတ္တပိတ်ထားရသလို ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ ဦးပိန်တံတား ဖြတ်သန်းမှုကို ယာယီပိတ်ထားရတယ်ဆိုတဲ့ သတင်းနဲ့ ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်တွေဖြစ်တဲ့ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှာ လည်း မြို့တ၀က်လောက် ရေနစ်နေကြောင်း သတင်းတွေ ဒီဗွီဘီ တီဗွီသတင်းမှာ ဒီကနေ့ ဖတ်လိုက်ရပါတယ်။ နောက်ပြီး စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်ရေ ကြီးမြင့်မှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ၂၅ ရွာက လူဦးရေ ၃၇၄၀ ဦး၊ အိမ်ထောင်စု ၇၅၃ စုဟာ ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နေထိုင်နေရတာ ၁၀ ရက်ကျော်ခန့် ရှိနေပြီး စားနပ်ရိက္ခာ အတွက် အခက်အခဲရှိနေတယ်ဆိုတဲ့ သတင်းနဲ့ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် ရေကြီး၍ နေအိမ်များရေမြုပ်ကာ အိမ်ထောင်စုအများအပြား ကယ်ဆယ်ရေး စခန်းများ၊ ရေလွတ်ရာ ရပ်ကွက်မိတ်ဆွေများနေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများမှာ ပြောင်းရွှေ့နေထိုင်နေရကြောင်းကိုလည်း  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်လိုက်ရပါတယ်။ သစ်ပင်တွေခုတ်၊ မီးခိုးတွေမှုတ် စတဲ့ လူသားတွေရဲ့ ပရောဂများစွာကြောင့် ကျနော်တို့ နေထိုင်ရတဲ့ တခုတည်းသောဂြိုဟ်ပြာ ဒီမြေကမ္ဘာကြီးဟာ ဒဏ်ရာဗရပွနဲ့ နာမကျန်းဖြစ်လို့ နေပါပြီ။ ရာသီဥတုတွေ ပြောင်းလဲလာလို့ မိုးမခေါင်ဘူးတဲ့ အရပ်တွေ မိုးခေါင်၊ မိုးမများတဲ့အရပ် မိုးပိုများလာ၊ မိုးရေချိန်လက္မတွေလည်း မကြုံဘူးအောင် တက်လာတော့ ရေကြီးရေလွှမ်းတာတွေ နှစ်စဉ်နှစ်တိုင်း အလွယ်တကူ ဖြစ်လာနေပြီ။ မြန်မာနိုင်ငံမှာ ပိုဆိုးတာကတော့ အများသိကြတဲ့အတိုင်း အရင် စစ်အစိုးရ လက်ထက်တုန်းက ပေါက်လွှတ်ပဲစား သစ်ခုတ်ခွင့်ပါမစ်တွေကို ပရမ်းပတာ ကိုယ်ကျိုးကြည့်ပြီး ချပေးတဲ့သူကပေး၊ ခုတ်တဲ့သူတွေက တောအုပ်လိုက်၊ ကြိုးဝိုင်းလိုက် ပျောက်အောင် နှစ် ၅၀ လောက် ခုတ်ခဲ့တော့ သစ်ပင်တွေမရှိ၊ တောကတုံး တောင်ကတုံးတွေဖြစ်၊  မြေသားကို ကုတ်ထိန်းမထားနိုင်တော့ သဲနုန်းမြေတွေ ချောင်းတိုင်း မြောင်းတိုင်းမှာ ပြိုကျပို့ချလာတော့  မြစ်တွေကောလာ၊ ရေကြောင်းတွေတိမ်၊ မိုးနည်းနည်းရွာရင်ကို ချောင်းရေမြစ်ရေလျှံ၊ မြစ်ကောနေတာတွေကို သောင်ကောင်းကောင်းမတူး၊ တူးတာကရွှေဆိုတော့ ပိုဆိုးတော့တာပေါ့။ ဒီတော့ မိုးနည်းနည်းသဲရင်ကို  မြန်မာပြည် ရေကြီးတာ မထူးဆန်းဘူး မဟုတ်လား။ မြန်မာနိုင်ငံဟာ ဒီရာစုနှစ်ဝက်အတွင်းမှာ အဆိုးဝါးဆုံး ရေကြီးမှုတွေနဲ့ ခဏခဏ တွေ့ကြုံခဲ့ရတယ်။ အဲ့ဒီလို ရေကြီးမှုတွေထဲမှာ အထင်အရှားဆုံးနဲ့ အထိအခိုက် အများဆုံး ရေဘေးဒဏ်က လူပေါင်း ၁၃၈,၀၀၀ ရဲ့ အသက်ကို ဆွဲနုတ်သွားတဲ့ ၂၀၀၈ ခုနှစ် မေလမှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်း (Cyclone Nargis) ရေလွှမ်းမှုကြီးပါ။ ဒုတိယ ရေကြီးမှုကတော့ ၂၀၁၅ ခုနှစ် မိုးရာသီအတွင်း နိုင်ငံတ၀န်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလွှမ်းမှုပါပဲ။ အဲ့ဒီတုန်းက ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိပြီး ရေဘေးသင့်ဒုက္ခသည် ၁ ဒသမ ၅ သန်းကျော်ရှိတယ်လို့ ၂၀၁၅ ခုနှစ် သြဂုတ် ၁၅ ရက်နေ့မှာ အရင်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်တွေကို သုံးသပ်ရရင် မြန်မာပြည်သူပြည်သားတွေသာမက ကျွဲနွားတိရစ္ဆာန် အားလုံးဟာ ဘာမှ ပြင်ဆင်ချိန်မရဘဲ လည်စင်းခံခဲ့ရ၊ ခံနေရတာပါ။ ဆင်းရဲသား မိဘပြည်သူတွေ ဟာ ကံကိုသာပုံချရင်း အားကိုးရာမဲ့၊ ကူသူကယ်သူမဲ့ ဒုက္ခဘေးဆိုးတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ သေကျေပျက်ဆီး ဆုံးရှုံးပြီးနောက်မှ အကူအညီလေးတချို့ ရခဲ့တာ မဟုတ်လား။ လက်လှမ်းမမီလို့ လုံးဝ အကူအညီမရသူတွေတောင် ရှိနိုင်ပါတယ်။ အစိုးရက မုန်တိုင်းသတင်း ကြိုတင်အကြောင်းကြား သတိပေးခဲ့ရင်၊ ဒီရေရောက်တောတွေ မခုတ်ခဲ့ရင် ၂၀၀၈ နာဂစ်မုန်တိုင်းမှာ လူသိန်းချီ အသက်မဆုံးနိုင်ပါဘူး။ သစ်ပါမစ်တွေ နွားငတ်ရေကျ ချမပေးခဲ့ဘူး၊ သစ်တောတွေ ပရမ်းပတာ မခုတ်ခဲ့ဘူး၊ မြစ်တွေ သောင်မှန်မှန်တူး ခဲ့ရင် အခုဖြစ်နေတဲ့ ရေလွှမ်း ရေကြီးမှုဟာ ဒီလောက်မပြင်းထန်နိုင်ဘူး၊ ဒုက္ခမရောက်နိုင်ပါဘူး။ အွန်လိုင်းပေါ်တက်လာတဲ့ ရေဘေးဒဏ် ဆိုးဆိုးဝါးဝါး ခံနေရတဲ့ မြို့ရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေရဲ့ သနားစဖွယ် အားကိုးရာမဲ့ မျက်ဝန်းများစွာကို ပြန်မြင်ရတဲ့အခါ ၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားရတဲ့ ကလေးတွေအကြောင်းကို ၂၀၁၀ ခုနှစ်တုန်းက ယနေ့မြန်မာ (Burma Today) အွန်လိုင်းမဂ္ဂဇင်းကနေ “အားကိုးရာမဲ့ မျက်ဝန်းလေးများ” လို့ အမည်ပေးပြီး စာရေးသူ ရေးခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ခံစားမိပြီး သတိရလာမိပါတယ်။ တကယ်တော့ မြန်မာပြည် တနံတလျားမှာရှိတဲ့ ဆင်းရဲသား မိဘပြည်သူတွေရဲ့ အားကိုးရာမဲ့ မျက်ဝန်းပေါင်း များစွာကို တွေ့ရမှာဖြစ်တယ်။ ခိုကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ၊ အိမ်ရာပစ်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ထမင်းမ၀လို့ ဆာလောင်နေသူတွေ၊ မိဘမဲ့ကလေးသူငယ်တွေ၊ စစ်အာဏာရှင်စနစ်ဆိုးအောက် ခါးသီးတဲ့ ဘ၀ဒဏ်ကို နှစ်ရှည်လများ မချိမဆန့် ခံစားနေရသူတွေ အစရှိတဲ့ သန်း ၅၀ ကျော် မြန်မာပြည်သူပြည်သားတွေရဲ့ အားကိုးရာမဲ့ မျက်ဝန်းများစွာဟာ အမှန်တကယ် ရှိခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ ပြည်သူပြည်သားကို ရင်ဝယ်သားလို ချစ်ခင်စောင့်ရှောက် တတ်တဲ့ အစိုးရတရပ် အမှန်တကယ်ရှိဖို့ လိုအပ်သလို ငြိမ်းချမ်းရေးရှိဖို့လည်း မဖြစ်မနေ လိုအပ်ပါသေးတယ်။ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အများပြည်သူ အုပ်စိုးခွင့်ကို အပြည့်အ၀ အကောင်အထည်ဖော်မယ့် အုပ်ချုပ်ရေးစနစ်တရပ် မုချရှိမှသာ၊ စေတနာမှန်ပြီး အရည်အချင်း ပြည့်ဝတဲ့ အစိုးရတရပ်ရှိမှသာ အထက်ပါ ကပ်ဘေးကြီးများနဲ့ ကြုံတွေ့တဲ့အခါ ပြည်သူလူထုကို ထိရောက်စွာ ကယ်တင်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံဟာ မမှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်နဲ့ မမှန်ကန်တဲ့သူတွေ အုပ်ချုပ်ခွင့်ရခဲ့ရင် အခုလို ကြောက်မက်ဖွယ် လူ့ပရောဂမကင်းတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးတွေကို ကြုံရတိုင်း ထပ်တလဲလဲ လည်စင်းခံကြရတယ် ဆိုတာပါပဲ။ စစ်အာဏာရှင်အစိုးရ ခေတ်အဆက်ဆက်မှာ ထိရောက်ပြီး စနစ်တကျ ကြိုတင်ပြင်ဆင် သတိပေးမှုတွေမလုပ်၊ အရေးပေါ်ကယ်ဆယ်ရေး စီမံချက်ဆိုတာကလည်း အပြသဘောလောက်ပဲ ရှိခဲ့တော့ ပြည်သူတွေမှာ အချင်းချင်းသာ ကူညီကယ်တင်ခဲ့ကြရတာ မဟုတ်လား။ အရေးအကြီးဆုံးအပိုင်းက ရေရှည်လုပ်ဆောင်ရမယ့် ရေဘေးသင့်ပြည်သူရဲ့ ထိတ်လန့်ချောက်ချား ပျက်ပြားခဲ့ရတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အနာတရတွေ ကုစားဖို့နဲ့ စားဝတ်နေရေး အပါအ၀င် ပုံမှန်ဘဝတွေ ပြန်လည်ရရှိအောင် ကူညီလုပ်ဆောင်ပေးရမယ့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ရေရှည်စီမံကိန်းတွေချပြီး ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ပါပဲ။ နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံကိန်းကြီးတွေ ပီပီပြင်ပြင် ပေါ်ထွန်းလည်ပတ်လာဖို့၊ သောင်တွေပြန်တူးဖို့၊ မြောင်းတွေ နေ့စဉ်ရှင်းဖို့၊ အမှိုက်တွေ စနစ်တကျ စွန့်ပစ်နိုင်အောင် စနစ်တကျစီမံဖို့၊ မြေအောက်ရေဆိုးမြောင်းတွေ၊ ရေဆိုးသန့်စင်စက်ရုံတွေ တည်ဆောက်ဖို့၊ သစ်ပင်တွေ တနိုင်ငံလုံးမှာ ရေရှည်စီမံကိန်းတွေချပြီး စိုက်ပျိုးဖို့ကို အစိုးရနဲ့ ပြည်သူ လက်တွဲလို့ စေတနာအပြည့်နဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ အပြောင်းအလဲတွေကို ဖော်ဆောင်နေရတယ် ဆိုပေမယ့် ပြုပြင်ပြောင်းလဲရမှာတွေကို အသစ်ကစပြီး  ပြောင်းလဲခွင့်ရတာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၅၀ ကျော် ဂျွတ်တက်အောင် မှားယွင်းခဲ့တဲ့ ယိုယွင်းပျက်စီးမှု ကြီးမားလှတဲ့ အိမ်အိုဟောင်းကြီးကို ပြုပြင်ပြောင်းလဲ ပြင်ဆင်တည်ဆောက်နေရတာဖြစ်လို့ ပိုလို့ ခက်ခဲမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နောက်တချက်က အခုလုပ်ဆောင်နေကြတဲ့ ပြုပြင်ပြောင်းလဲရေး  ဆောင်ရွက်ချက်တွေရဲ့ အကျိုးဆက်ဟာ နောင်နှစ်အနည်းငယ်ကြာပြီးမှ သိသာထင်ရှား အကျိုးခံစားကြရမှာ ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မဖြစ်နိုင်ပါဘူး။ လတ်တလော ရေဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကို လိုအပ်တဲ့ အကူအညီ၊ အစားအစာ၊ သောက်ရေ၊ ဆေးဝါးနဲ့ နေစရာ အဆောက်အဦတွေ အလျှင်အမြန်ပေးရမှာ ဖြစ်သလို မျက်ခြည်မပြတ်သင့်တဲ့ အချက်ကတော့ ပြည်တွင်းစစ်မီးလျှံကြီးအောက်မှာ ဆင်းရဲတွင်း ညွန်တွင်းက မတက်နိုင်သေးတဲ့ နိုင်ငံတ၀ှမ်းလုံးက သန်း ၅၀ ကျော်သော တိုင်းရင်းသား မိဘပြည်သူအများစုရဲ့ အားကိုးရာမဲ့ မျက်ဝန်းများစွာကို ရေတိုကာလမှာတင်သာမက ရေရှည်မှာ ထာဝရ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် အလိုအပ်ဆုံးနဲ့ အရေးကြီးဆုံး ဆောင်ရွက်ရမယ့် ကိစ္စရပ်ဟာ “ငြိမ်းချမ်းရေး” ဖြစ်တယ် ဆိုတာပါပဲ။ မင်းကောင်းချစ် သြဂုတ်လ (၁) ရက်၊ ၂၀၁၆ ခုနှစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up