လယ်ဝေးက တံတား သမ္မတလာမှ အားချင်းပြင်
အေးနိုင်
·
October 6, 2011
လယ်ဝေးမှာ လွန်ခဲ့တဲ့ လပိုင်းက ရေကြီးပြီး တံတားတွေပျက်စီးတာကြောင့် သွားရေးလာရေး ခက်ခဲနေရာကနေ သမ္မတ ဦးသိန်းစိန်မလာခင် အမြန်ပြင်ဆင်နေတာကြောင့် တံတားပြီးစီးလုပြီလို့ နယ်မြေခံတွေက ပြောပါတယ်။
ပြင်ဆင်တဲ့တံတားဟာ ပေ ၃၀၀ ကျော်ခန့်ရှိ ချောင်းစုတံတားဖြစ်ပြီး လွန်ခဲ့တဲ့ တလကျော်ခန့်က ရေကြီးမှုမှာ ပျက်စီးခဲ့တာဖြစ်ပါတယ်။
ချောင်းစုတံတားကို သံကူကွန်ကရစ်အမျိုးအစား တံတားအဖြစ် ပြုပြင်နေတယ်လို့ ဆိုပါတယ်။ ချောင်းစုတံတားနဲ့အတူ ပျက်စီးခဲ့တဲ့ စီမံကိန်းတံတားကိုတော့ မပြင်ရသေးပါဘူး။
တံတားပျက်နေတဲ့ တလတာအတွင်းမှာ လယ်ဝေးမြို့ခံတွေ အဲဒီတံတားကို ဖြတ်ပြီး နာရေးကိစ္စဆောင်ရွက်ရာမှာ အခက်ကြုံခဲ့ရတယ်လို့ မြို့ခံတဦးက ဆိုပါတယ်။
“သင်္ချိုင်းပို့တာက ကျနော်တို့ မပို့နိုင်တော့ဘူးဗျာ။ ချောင်းထဲကို ထမ်းလို့ရှိရင် နှစ်သောင်းပေးရတယ်။ ဆိုင်ကယ်တွေဘာတွေက ဖောင်နဲ့ကူးရင် တစီးကို ငါးရာပေးရတယ်။ လူတွေကတော့ ရေနည်းတဲ့အခါ ခြေကျင်လျှောက်ကြပေါ့။ သင်္ဂြိုဟ်တဲ့ စရိတ်တွေက တအားတက်နေတော့ ပျဉ်းမနားကိုကျော်ပြီး တပ်ကုန်းနယ်ထဲက ကျီတောင်ကန်နားက သင်္ချိုင်းကို သွားင်္ဂြိုဟ်ကြရတယ်” လို့ ပြောပါတယ်။
အဲဒီတံတားတည်ရှိတဲ့ ချမ်းသာကြီးရပ်ကွက်မှာ သစ်ကားတွေကြောင့် ထူပြောတဲ့ချိုင့်ခွက်တွေကို သမ္မတလာချိန်အမီ မြေဖို့ပြီး ကျောက်ကြိတ်စက်နဲ့ ကြိတ်ပြီးပြုပြင်ထားခဲ့တာကြောင့် ခေတ္တအဆင်ပြေခဲ့ကြောင်း၊ ဒါပေမယ့် သမ္မတခရီးစဉ်အပြီး မိုသည်းသည်းရွာလိုက်တဲ့အခါ ဗွက်ထပြီး စက်ဘီး သွားမရလောက်အောက် ပြန်ပျက်စီးနေတယ်လို့ ဆိုပါတယ်။
သမ္မတကြီးဟာ လယ်ဝေးမြို့ကို ရောက်ခိုက်မှာ တပင်ရွှေထီးရဲ့ ခမည်းတော် မင်းကြီးညိုလက်ထက် ဖို့ခဲ့တဲ ဆင်အုံကန်ကို ပြုပြင်မယ်၊ အစိုးရသစ်ဟာ ကန်တွေကို ပြုပြင်မယ်၊ ပြည်သူတွေ ကံကောင်းပါစေလို့ မြို့ခံတွေကို ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
လယ်ဝေးမြို့က ရေကြီးမှုမှာ လယ်သူမနှစ်ဦး တံတားနဲ့အတူ နစ်မျောအသက်ဆုံးရှုံးခဲ့ပါတယ်။