Home
မြန်မာသတင်း
ရွှေ၊ ရေနံနှင့် စိန်များကို ပို့ကုန်အဖြစ် ခွင့်ပြုတော့မည်
ညီငယ်
·
August 2, 2016
မြန်မာနိုင်ငံက တွင်းထွက်တွေဖြစ်တဲ့ စိန်၊ ရွှေနဲ့ ရေနံ တွေ ကို ပို့ကုန်အဖြစ် ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သိရပါတယ်။ အရင်အစိုးရအဆက်ဆက် တင်ပို့ခွင့်မပြုခဲ့တဲ့ ကန့်သတ်ပို့ကုန် ၁၂ မျိုးထဲက ရွှေ၊ ရေနံနဲ့ စိန်တို့ကို မကန့်သတ်တော့ဘဲ ဖြေလျှော့သွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီဗွီဘီကိုပြောပါတယ်။ “ကန့်သတ်ကုန်တွေနဲ့ပတ်သက်ပြီး ဒီလအတွင်းထုတ်ပြန်သွားပါမယ်။ ဖြေလျှော့မယ့် ကုန်စည် ရယ်၊ တားမြစ်မယ့်ကုန်စည်ရယ်ဆိုပြီး ပုံစံ ၂ မျိုးနဲ့ပါ။ အဲထဲက ရွှေ၊ ရေနံ၊ စိန်တို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ထပ်မံဖြေလျှော့မယ်။လက်ရှိကတော့ လုပ်ထုံးလုပ်နည်းတွေ ညှိနှိုင်းပြီးရင် ပြန်ဖြေလျှော့ဖို့လည်း ဆက်လုပ်ပါမယ်ဆိုတာ အမိန့်ကြေညာစာမှာထည့်မှာပါ”လို့ သူကပြောပါတယ်။ အခုလအတွင်း ထုတ်ပြန်မယ့်ကန့်သတ်ပို့ကုန် ၁၂ မျိုးထဲက ပန်းနှမ်းဆီ၊ မုန်ညှင်း၊ မုန်ညှင်းဆီ၊ နေကြာ၊ နေကြာဆီ၊ ဆီကြိတ်ဖတ်တို့ကို ဖြေလျှော့မယ့်ကုန်စည်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ကျန်တဲ့ ရွှေ၊ စိန်၊ ရေနံ၊ ရေနံစိမ်း၊ ဆင်စွယ်၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များ၊ ပုစွန်ခွဲ၊ လက်နက်ခဲယမ်းမီးကျောက်၊ ရှေးဟောင်း ပစ္စည်းတွေကို တားမြစ်ကုန်စည်အဖြစ် အခုလအတွင်း ထုတ်ပြန်သွားမှာပါ။ ဒါ့ပေမယ့် အဲဒီ့တင်ပို့ခွင့်မပြုတဲ့ တားမြစ်ကုန်စည်ထဲက ရွှေ၊ ရေနံ၊ စိန်တို့ကို သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ လုပ်ငန်းရှင်တွေညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းစစ်ဆေးပြီးရင်တော့ ပြန်ဖြေလျှော့ခွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ့ကန့်သတ်ပို့ကုန် ၁၂ မျိုးနဲ့ပတ်သက်တာတွေကို အစိုးရအဖွဲ့သို့ တင်ပြထားပြီး အခုလ အတွင်း ပို့ကုန်ဖြေလျှော့မယ့်ပစ္စည်းတွေကို ထုတ်ပြန်မှာပါ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေနဲ့ လက်ရှိအစိုးရသစ် ငါးနှစ်အတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို ပို့ကုန်သုံးဆ တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်လို့ လက်ရှိအချိန်မှာ ကဏ္ဍအလိုက် နှစ်အလိုက် တိုးမြှင့်တင်ပို့မယ့် ပို့ကုန်တွေနဲ့ ပတ်သက်ပြီး စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024