နိုင်ငံတကာ သတင်းမီဒီယာတွေမှာ လက်ရှိ တရုတ်နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လူငယ်ရက်ပ်ဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ စီဒီရက်ဗ် (CD Rev) အဖွဲ့က ကြိုးပမ်းနေကြပါတယ်။
This is China အမည်ရတဲ့ သီချင်းကို သူတို့အဖွဲ့က အင်္ဂလိပ်ဘာသာစကားနဲ့ သီဆိုထားခဲ့ကြတာပါ။
ဒီသီချင်းကို ရေးစပ်သူ အသက် ၂၂ နှစ်အရွယ် လီရီဂျီးက သူ့အနေနဲ့ နိုင်ငံ့ကိုယ်စား ဂုဏ်ယူချင်တာဖြစ်တယ်လို့ သြဂုတ် ၂ ရက် ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
စီဒီရက်ဗ်အဖွဲ့ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချန်ဒူးမြို့မှဖြစ်ပြီး အဖွဲ့ဝင် ၄ ဦး ပါဝင်ပါတယ်။
သူတို့အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီက ငှားရမ်းခဲ့တာဖြစ်ပြီး နိုင်ငံတကာက မြင်နေကြတဲ့ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
အချိန် ၄ မိနစ်စာရှိတဲ့ This is China သီချင်းကတော့ တရုတ်နိုင်ငံအပေါ် အနောက်ကမ္ဘာ နိုင်ငံတွေက လွဲမှားထင်မြင်နေကြတာတွေကို ရှင်းရှင်းလင်းလင်း သိမြင်သွားစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ ပုံရိပ်ကို ပြန်လည်ရယူပေးချင်ပါတယ်။ တရုတ်နိုင်ငံကို မီဒီယာတွေမှာ မဟုတ်တမ်း လုပ်ကြံပြောဆို ရေးခဲ့ကြတာ အချိန်တော်တော်ကြာခဲ့ပြီလေ” လို့ သီချင်းရေးသူက ဆိုပါတယ်။
အဖွဲ့ထဲမှ ရက်ပ်သီချင်း သီဆိုသူတဦးဖြစ်တဲ့ ၀မ်ဇီကျင်(ချပ်ကီ) ကတော့ သူတို့အနေနဲ့ အင်္ဂလိပ်ဘာသာနဲ့ ရက်ပ်သီဆိုခြင်းဟာ အနောက်ကမ္ဘာနဲ့ တိုက်ရိုက်ထိတွေ့နိုင်ဖို့ ဖြစ်တယ်လို့ ပြောလိုက်တာပါ။
“အနောက်ကမ္ဘာက တရုတ်အကြောင်းကို ကောင်းကောင်းမသိကြဘူး။ အဲလိုပဲ တရုတ်နိုင်ငံကလည်း အနောက်ကမ္ဘာကို မသိဘူး။ ကျနော်တို့အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ပြချင်တာက ကျနော်တို့ရဲ့မျိုးဆက် လူငယ် တရုတ်နိုင်ငံသားတွေဟာ အသိဉာဏ်ပညာနဲ့ ကင်းဝေးနေသူတွေ မဟုတ်ကြဘူး ဆိုတာပါပဲ။”
စီဒီရက်ဗ်အဖွဲ့ရဲ့ ဝေဘို လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ “အနောက်ဘက်မှ ကျနော်တို့သူငယ်ချင်း၊ မိတ်ဆွေများခင်ဗျာ။ တရုတ်နိုင်ငံအကြောင်းကို ခုချိန်ထိ နိုင်ငံတကာ မီဒီယာတွေဖြစ်တဲ့ စီအန်အန်၊ အေပီ၊ ရိုက်တာသတင်းဌာနတွေကတဆင့် ခင်ဗျားတို့ သိကြသလို တကယ့်အစစ်အမှန်ဟာ မဟုတ်ဘူးဆိုတာပါပဲ” လို့ ဖော်ပြခဲ့တာပါ။
ခုလို နိုင်ငံ့ပုံရိပ်မြှင့်တင်မယ့် ရက်ပ်ဂီတအဖွဲ့အတွက် တရုတ်လူငယ်ကွန်မြူနစ်အဖွဲ့အနေနဲ့ ငွေကြေးပမာဏ ဘယ်လောက်သုံးစွဲရသလဲ ဆိုတာကိုတော့ ၀မ်က ရယ်မောရင်း အတိအကျ မသိဘူးလို့ ဖြေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ တရုတ်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနဟာ ညစ်ညမ်းမှု၊ အကြမ်းဖက်မှု၊ ရာဇ၀တ်မှုနဲ့ လူမှုအသိုင်းအ၀ိုင်းကို အန္တရာယ်ဖြစ်စေတဲ့ စာသားတွေ ပါဝင်တဲ့ သီချင်းပုဒ်ရေ ၁၂၀ ကို ပိတ်ပင်ခဲ့ပြီး ဒီသီချင်းတွေကို ရေးစပ်သီဆိုသူတွေဟာ တရုတ်နဲ့ ထိုင်ဝမ်မှ ရက်ပ်သီဆိုသူတွေ ဖြစ်ကြတယ်လို့ သည်ဂါးဒီးယန်း သတင်းက ဆိုပါတယ်။
ဒီသီချင်းကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ကတည်းက တရုတ်လူမှုကွန်ရက် အင်တာနက် စာမျက်နှာ ဝေဘိုမှတဆင့် မျှဝေခဲ့သလို ဇွန် ၃၀ ရက်နေ့ကလည်း ယူကျု အင်တာနက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
သီချင်းအပြည့်အစုံနားဆင်လိုပါက အောက်ပါ ယူကျုလင့်တွင် နားဆင်နိုင်ပါသည်။
https://www.youtube.com/watch?v=HCm3sbujB8g