နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကူးစက်ရောဂါကြောင့် ၁၈ ဦးသေဆုံး

ဓာတ်ပုံ - မြ၀တီ
1.5K
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ခေါ်နောက်ကုန်းအုပ်စု ထန်ခေါ်လန်မကျေးရွာမှာ အသက်ရှူလမ်းကြောင်းပိုးဝင်တာ၊ ဝမ်းပျက်၊ ဝမ်းလျှောတာ စတဲ့ရောဂါတွေဖြစ်ပွားပြီး ကလေးတွေ အပါအ၀င် လူ ၁၈ ဦးသေဆုံးသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူ ၁၈ ဦးထဲမှာ အသက် ၂၂ နှစ်မှ ၉၄ နှစ်ကြား လူကြီး ၅ ဦးနဲ့ အသက် ၁နှစ်မှ ၁၂ နှစ်ကြား ကလေး ၁၃ ဦးတို့ပါဝင်တယ်လို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ထန်ခေါ်လန်မကျေးရွာမှာ ဇွန်လ ဆန်းပိုင်းကစပြီး ဖျားနာ၊ မျက်စိနာ၊ ချောင်းဆိုး၊ အသက်ရှူ လမ်းကြောင်းပိုးဝင်၊ ဝမ်းပျက်၊ ဝမ်းလျှောစတဲ့ ရောဂါတွေကြောင့် လူအချို့ သေဆုံးနေတယ်ဆိုတဲ့ သတင်းအရ လဟယ်မြို့နယ် တိုက်နယ် ဆရာဝန်နဲ့ ကျန်းမာရေး အဖွဲ့သားတွေက ဇူလိုင် ၂၄ ရက်က ရောဂါဖြစ်ပွားရော ကျေးရွာကို သွားရောက်ပြီး လူနာပေါင်း ၁၆၂ ဦးကို ကွင်းဆင်း ကုသပေးခဲ့တယ်လို့ဆိုပါတယ်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ ဇူလိုင်လဆန်းပိုင်းကလည်း မိုး အဆက်မပြတ် ရွာသွန်းပြီး မြစ်ချောင်းတွေ ရေကြီးရေလျှံလို့ လမ်းတံတားတွေနဲ့ တောင်ယာ လုပ်ငန်းတွေ အပျက်အဆီးတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။