Home
ဆောင်းပါး
အကြမ်းဖက်မှုတွေနဲ့ မွန်းနစ်လာတဲ့ ဒီကမ္ဘာ
DVB
·
August 1, 2016
၂၀၁၆ ခုနှစ်ရဲ့ ပထမ ၆ လပိုင်းကာလ ကျော်လာတဲ့အချိန်မှာ နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ကမ္ဘာကြီးရဲ့ နေရာအများစုမှာ အကြမ်းဖက်ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ အဆက်မပြတ်ဆိုသလို ဖြစ်နေတာကို ပူပင်သောက ဖြစ်စရာကောင်းလောက်အောင် များပြားလာတာ တွေ့မြင်လာနေရပါတယ်။ အများစုကတော့ ဒီကနေ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အစ္စလာမ္မစ် အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့ အိုင်အက်စ်ရဲ့လက်ချက်ဖြစ်ပြီး တချို့ကလည်း အမုန်းတရား အာဃာတတရား အခြေခံ၊ တချို့က မှားယွင်းတဲ့ ယုံကြည်မှုတွေကြောင့်လို့ ပြောရမှာပါပဲ။ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက် ဒေသစံတော်ချိန် ၂ နာရီ ၁၀ မိနစ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ ဆင်ဖြေဖုံး ဆာဂမိဟာရက စိတ်မသန်စွမ်းသူများ စောင့်ရှောက်ရေးဂေဟာ တခုမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သတ်ဖြတ်မှုဟာ ထိတ်လန့်တုန်လှုပ်စရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခု ဖြစ်ပါတယ်။ သတ်ဖြတ်မှု ကျူးလွန်ခဲ့သူဟာ ဂေဟာရဲ့ ၀န်ထမ်းဟောင်းတဦးဖြစ်တဲ့ ဆာတိုရှီ အူအီမတ်ဆု (၂၆ နှစ်) ဖြစ်ပြီး သူဟာ ဂေဟာထဲကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး အဲဒီအချိန်မှာ အိပ်ပျော်နေကြတဲ့ စိတ်မသန်စွမ်းသူတွေကို ဓားနဲ့ထိုး သတ်ဖြတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့သတ်ဖြတ်မှုကြောင့် အသက် ၁၉ နှစ်နဲ့ ၇၀ ကြား အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်၊ မသန်စွမ်းသူ ၁၉ ယောက် လည်ပင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပြီး အယောက် ၂၀ က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ၁၉၉၅ ခုနှစ်က တိုကျိုမြေအောက်ရထားဘူတာရုံမှာ အုမ်ရှင်နရီကျို ဘာသာရေးဂိုဏ်းက အဆိပ်ဓာတ်ငွေ့လွှတ် သတ်ဖြတ်ခဲ့လို့ လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ အမှုနောက်ပိုင်း ဂျပန်နိုင်ငံမှာ အဆိုးဝါးဆုံးသတ်ဖြတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ဆာတိုရှီဟာ ပုလိပ်တပ်ဖွဲ့ကို ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ပြီး ဒီသတ်ဖြတ်မှုကို သူကျူးလွန်ခဲ့တဲ့အကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။ နစ်ကေအိ သတင်းစာရဲ့ ဖော်ပြချက်အရ သူဟာ ပုလိပ်အရာရှိတွေကို “မသန်စွမ်းသူတွေဟာ အသက်မရှင်သန်သင့်ဘူး” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အလွန်ရက်စက်ထူးခြားတဲ့ တွေးခေါ်စဉ်းစားမှုလို့ ပြောရမှာပါပဲ။ အဲဒီပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ပြင်သစ်နိုင်ငံ နော်မန်ဒီက ကက်သိုလစ် ဘုရားကျောင်းတခုမှာ ရက်စက်ချောက်ချားစရာ သတ်ဖြတ်မှုတခု ဖြစ်ပွားသွားခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့က အကြမ်းဖက်သမား ၂ ယောက်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီပတ်ဝန်းကျင် မနက်ပိုင်း ဘုရားဝတ်ပြုချိန်မှာ ဘုရားကျောင်းကို ရောက်ရှိလာခဲ့ပြီး အသက် ၈၄ နှစ်အရွယ် ဘုန်းကြီး ဟာမဲလ်၊ သီလရှင် ၂ ပါးနဲ့ တခြားလူတချို့ကို တန်ဆာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ဘုန်းကြီးကို ဒူးထောက်ခိုင်းပြီး လည်ပင်းကို ဓားနဲ့လှီးပြီး သတ်ဖြတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ သီလရှင် ၂ ပါးကတော့ အသက်ဘေးက လွတ်မြောက်အောင် ရုန်းကန်ခုခံ လွတ်မြောက်သွားခဲ့ကြပြီး အကြမ်းဖက်သမား ၂ ယောက်ဟာလည်း ပြင်သစ် ပုလိပ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ သတ်ဖြတ်သူ အကြမ်းဖက်သမား ၂ ယောက်ဟာ အိုင်အက်စ် စစ်သည်တော်တွေ ဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် ဒါဟာ အစွန်းရောက် ဘာသာရေး အတွေးအခေါ်ကြောင့် ဖြစ်ရတာပဲလို့ ပြောလို့ရပါတယ်။ ဒီ ဆိုးဝါးရက်စက်တဲ့ သတ်ဖြတ်မှုတွေ မဖြစ်ခင် ၂ ပတ်လောက်က ပြင်သစ်နိုင်ငံ နိစ်မှာ ကျင်းပခဲ့တဲ့ ဘက်စတီးလ်နေ့ အခမ်းအနားမှာ တက်ရောက်လာတဲ့ လူထုပရိသတ်ကြီးကို ပြင်သစ်နိုင်ငံမှာ နေထိုင်သူ တူနီးရှားနိုင်ငံသား မိုဟာမက် လာဟိုရာ ဘိုလဲလ်က ၁၉ တန် ကုန်ကားကြီးတစင်းနဲ့ တိုးဝင် တိုက်ပစ်ခဲ့လို့ လူ ၈၄ ယောက် သေဆုံးခဲ့ရပြီး ၃၀၈ ယောက် ဒဏ်ရာရရှိသွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတခု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီဖြစ်ရပ်မှာလည်း ပြင်သစ် ပုလိပ်တပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ဆုံး ပုလိပ်အဖွဲ့က ကုန်ကားကို ၀ိုင်းပြီး ပစ်ခတ်တဲ့အချိန်မှာ ဒရိုင်ဘာ ဘိုလဲလ်ကို အသေဖမ်းဆီးရမိခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယား အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့နဲ့ တွဲဖက်သတင်းဌာန အေအမ်အေ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုလဲလ်ဟာ အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့ကို တိုက်ခိုက်ဖို့ မဟာမိတ်လုပ်ထားတဲ့ နိုင်ငံတွေ ပစ်မှတ်ထားတဲ့ နိုင်ငံသားတွေအပေါ် တုံ့ပြန်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတရပ်ကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်သစ် တရားစွဲဆိုရေးမှူးကတော့ ဘိုလဲလ်ဟာ ဒီတိုက်ခိုက်သတ်ဖြတ်မှုကို လအတော်ကြာကတည်းက စီစဉ်ဆောက်ရွက်ခဲ့တာဖြစ်ပြီး ကြံရာပါ ၅ ယောက်ရဲ့ အကူအညီကို ရယူခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ကြံရာပါလို့ သံသယရှိသူ ၅ ယောက်ကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိတ်လန့် ချောက်ချားစရာ ရာဇ၀တ်မှု ကျူးလွန်မှုနဲ့ တရားစွဲဆိုထားခဲ့ပါတယ်။ ဒီ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ပြင်သစ်အစိုးရက ၃ ရက်တာ အမျိုးသားကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကြေညာပေးခဲ့ပြီး ပါရီမြို့တော်တိုက်ခိုက်မှု အပြီးမှာ ကြေညာထားခဲ့တဲ့ နိုင်ငံရဲ့ အရေးပေါ်အခြေအနေကိုလည်း နောက်ထပ် ၃ လ ထပ်မံတိုးချဲ့ခဲ့ပါတယ်။ ထောင်သောင်းချီတဲ့ ပုလိပ်တပ်ဖွဲ့နဲ့ စစ်သားတွေရဲ့ အင်အားကိုလည်း ပိုမို အသုံးပြုခဲ့ပြီး အစိုးရက နိုင်ငံသားတွေကို အရန်တပ်ဖွဲ့မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ ကမ္ဘာမှာ မအေးချမ်း မငြိမ်သက်မှုတွေနဲ့ စစ်ပွဲတွေ၊ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ မမြင်ချင် မတွေ့ချင်လို့ မရအောင်ကိုပဲ မြင်သာထင်ရှား ဖြစ်လာတာကို တွေ့နေရပါတယ်။ စစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံက အာဏာရှင် အာဆတ် အစိုးရနဲ့ အစိုးရ ဆန့်ကျင်သူ တော်လှန်ရေးသမားတွေကြား၊ ပြင်ပက ဘက်နှစ်ဘက်စလုံးမှာ ၀င်ရောက်စွက်ဖက်နေကြတဲ့ လက်နက်ကိုင်အင်အားစုတွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေကျေပျက်စီးရမှုတွေ အကြောင်း ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်မှာ အသေအချာပါပဲ။ မကြာသေးခင်က တူရကီနိုင်ငံ အစ္စတန်ဘူလ် အတာတပ်ခ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲပစ်ခတ်တိုက်ခိုက်မှု အပြီးမှာ တူရကီ အာဏာပိုင်တွေက အိုင်အက်စ်တွေရဲ့ အဆက်အစပ်ကို ဖော်ပြခဲ့ကြပါတယ်။ အိုင်အက်စ်တွေကတော့ သူတို့လက်ချက်ပါလို့ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။ စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန်ဘရင်နန်ကတော့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ သူတို့ရဲ့ခြေကုတ်နေရာတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အိုင်အက်စ်တွေဟာ အနောက်ပစ်မှတ်တွေကို ပိုပြီး အကြမ်းဖက် တိုက်ခိုက်လာကြလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။ စီအိုင်အေရဲ့ ခန့်မှန်းချက်အရ ဆီးရီးယားနဲ့ အီရတ်မှာ အိုင်အက်စ် တိုက်ခိုက်ရေးသမား ၁၈၀၀၀ နဲ့ ၂၂၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ အိုင်အက်စ်အဖွဲ့မှာ အနောက်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အထူးလေ့ကျင့်ထားတဲ့သူတွေ ရှိနေပြီး ကမ္ဘာတ၀ှမ်းလုံးအထိ ချဲ့ထွင် တိုက်ခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ လစ်ဗျားပုလိပ်တပ်ဖွဲ့ သင်တန်းကျောင်းကို တိုက်ခိုက်ခဲ့ပြီး တူရကီနိုင်ငံ ဆူလတန်အာမက်ရင်ပြင်မှာ အိုင်အက်စ်တွေက အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာလည်း ဆီးရီးယားနဲ့ အီရတ်မှာ လူရာနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ မတ်လမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်နဲ့ အီရတ်နိုင်ငံ ဘက္ကဒက်မြို့တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ နောက် မေလမှာတော့ ယီမင်နိုင်ငံ တောင်ပိုင်းမြို့ အေဒင်မြို့မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ရပါတယ်။ ဇွန်လမှာတော့ အမေရိကန်နိုင်ငံ အောလန်ဒိုက ပါ့စ်ညကလပ်ကို အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူ ၄၉ ယောက် သေဆုံးခဲ့ရတာကို တွေ့ရပါတယ်။ ဒီလို အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုတွေအပြင် အမေရိကန်နိုင်ငံမှာ လူဖြူပုလိပ်အရာရှိတွေက လူမည်းအရပ်သားတွေကို မလိုအပ်ဘဲ လက်နက်သုံး ပစ်ခတ်လို့ လူမည်းတချို့ သေဆုံးခဲ့ရတဲ့ အဖြစ်တွေကို တွေ့မြင်ခဲ့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ရှမ်းပြည်၊ ကချင်ပြည်နယ်တွေနဲ့ ရခိုင်ပြည်နယ်တွေမှာ အပြစ်မဲ့ အရပ်သား ရွာသားတွေကို အာဏာရှင်လက်ကိုင်တုတ် စစ်တပ်က ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်တာတွေ ဆက်တိုက်လိုလို ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ဒီကနေ့ကမ္ဘာမှာ လက်နက်ကိုင်ထားတဲ့ အစိုးရ စစ်တပ်တွေနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တွေဟာ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကို ကျူးလွန်ရမှာ လက်မတွန့် လက်မရွံ့ ဖြစ်လာကြပြီလားလို့ မေးရမယ့်အချိန် ရောက်လာပြီလို့ ထင်ပါတယ်။ ကျနော်တို့ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောရတော့မှာပါပဲ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024