Home
မြန်မာသတင်း
မဲဆောက်တွင် စွန့်ပစ်ခံ မြန်မာကလေး ၁၆၉ ဦးရှိ
နန်းမြနဒီ
·
August 1, 2016
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ စွန့်ပစ်ခံထားရတဲ့ မိဘမဲ့ကလေး ၁၆၉ ဦးရှိပြီး အများစုက မြန်မာကလေးတွေဖြစ်တယ်လို့ အမျိုးသမီးနဲ့ ကလေးငယ်များအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) က ပြောပါတယ်။ အဲဒီကလေးတွေဟာ အသက်အငယ်ဆုံး ၂ နှစ်ကျော်ကနေ အကြီးဆုံး ၁၈ နှစ်ထိရှိပြီး သူတို့ အဖွဲ့အစည်းကနေ တာဝန်ယူစောင့်ရှောက်လာတာ ၁၆ နှစ်ရှိပြီလို့ အဖွဲ့စတင်ထူထောင်သူ မအေးမာက ဒီဗွီဘီကို ပြောပါတယ်။ “ကလေးတွေက ဘယ်ကလာလဲဆိုတော့ မဲဆောက်ဆေးရုံကြီးကနေ ရောက်တယ်။ နောက် မယ်တော်ဆေးခန်းမှာ ရောက်လာကြပြီးတော့ စွန့်ပစ်သွားတယ်။ သူတို့မိဘက အိတ်ခ်ျအိုင်ဗွီ နဲ့ တခြားရောဂါတွေနဲ့ သေဆုံးသွားတာလည်း ရှိတယ်။ တချို့ကျတော့လည်း ဆေးရုံမှာပဲ မွေးပြီးတော့ စွန့်ပစ်သွားကြတယ်၊ လူကုန်ကူးခံရတဲ့ကလေးတွေလည်း ရှိတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကလေးတွေလည်းရှိတယ်။ မိန်းကလေးရော ယောကျာ်းလေးရော၊ တ၀က်စီ လောက် ရှိတယ်၊ အများစုက မြန်မာပေါ့။ ထိုင်းလည်း တယောက် ၂ ယောက်ပါတယ်။” အဲဒီကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားအများစုက အလှူငွေထည့်ဝင်ကြသလို သူတို့အဖွဲ့ကလည်း အိမ်တွင်းမှုလုပ်ငန်းနဲ့ ရန်ပုံငွေရှာဖွေထောက်ပံ့ နေပေမယ့် မှတ်ပုံတင်အထောက်အထားတွေ မပြည့်စုံတာကြောင့် လုံခြုံရေးဆိုင်ရာ အခက်အခဲ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ထိုင်းကျောင်းမှာ သွားအပ်ထားတဲ့ကလေးအယောက် ၃၀ လောက်ကတော့ သူတို့ကျောင်းက ဆယ်နှစ်ခံကတ်တွေ လုပ်ပေးထားပေမယ့် ကျန်တဲ့သူအများစုက ဘာအထောက်အထားမှ မရှိဘူးလို့ ဆိုပါတယ်။ ဒီကလေးတွေကို ထိုင်းဥပဒေဘောင်ထဲကနေ ကူညီစောင့်ရှောက်နိုင်ဖို့အတွက် တရားဝင် ဖောင်ဒေးရှင်းဖြစ်ဖို့ ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့ စနေနေ့ (ဇူလိုင် ၃၀ ရက်နေ့)က ဖောင်ဒေးရှင်းထဲ ပါဝင်မယ့်သူတွေ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ယခင် ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံမဲ့သူများအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနဲ့ ထိုင်းရှေ့နေများကောင်စီဝင်ဖြစ်ခဲ့သူ နိုင်းဆုရဖုန်း ကောင်းကျန်ထိုက်ကလည်း စွန့်ပစ်ခံ ကလေး တွေကို ပိုမိုစောင့်ရှောက်ကူညီနိုင်ဖို့ သူ့အနေနဲ့ SAW အမျိုးသမီးနဲ့ ကလေးငယ်များအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်ပြီး ဒီကလေးတွေ သက်သေခံ အထောက်အထားရရေး ထိုင်းအစိုးရကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ “ဒီကလေးတွေက ထိုင်းမြေမှာ မွေးတာလေ၊ ထိုင်းကလွဲလို့ သူတို့ကို ဘယ်နိုင်ငံပို့ရမှာလဲ၊ ထိုင်းအစိုးရအနေနဲ့လည်း သူတို့ကို စောင့်ရှောက်ကူညီဖို့ တာဝန်ရှိတယ်။ ကျေနာ့် အနေနဲ့လည်း ဖောင်ဒေးရှင်းဥက္ကဋ္ဌ တာဝန်ယူလိုက်ပြီး ဒီအဖွဲ့ကို တရားဝင်မှတ်ပုံတင်နိုင်ဖို့ ကြိုးစားသွားမယ်၊ ပြီးတော့ ဒီကလေးတွေ သက်သေအထောက် အထားတခုခုရဖို့နဲ့ တခြား ကျန်းမာရေး၊ ပညာရေး အခွင့်အရေးတွေရဖို့ ဆောင်ရွက်သွားမယ်။” တာ့ခ်ခရိုင်ထဲမှာ မိဘမဲ့မဟုတ်ပေမယ့် ဘာသက်သေလက်မှတ်မှ မရှိသေးတဲ့ကလေးတွေလည်း အမြောက်အမြားရှိနေသေးကြောင်း၊ သူတို့အနေနဲ့ လောလောဆယ် မဲဆောက်၊ အုန်းဖျံ၊ ဖုတ်ဖရ၊ မယ်လမတ်နဲ့ ထာ့ဆောင်ယန်းမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းမှ ကလေးများ အားလုံး သက်သေအထောက်အထားရရှိရေးကို ဆောင်ရွက်နေပြီး နောက်ပိုင်း ပြင်ပကလေးတွေ အတွက်ပါ ဆောင်ရွက်သွားဖို့ရှိတယ်လို့ နိုင်းဆုရဖုန်းက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024