ဘုရားကျောင်းထဲ မကောင်းဆိုးဝါး ပူးကပ်ခံရသည့် ၁၁ နှစ်သမီးရုပ်သံ ရေပန်းစား

3.1K
ခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှာ မိန်းကလေးတဦးကို မကောင်းဆိုးဝါး ၀င်ရောက်ပူးကပ်ခံရလို့ ပယောဂဆရာတဦးက နှင်ထုတ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာ ရေပန်းစားနေတယ်လို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဇူလိုင် ၃၁ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင် အစပိုင်းမှာ အဆိုပါ ၁၁ နှစ်အရွယ် မိန်းကလေးကို တခြား အမျိုးသမီးတွေက လက်မောင်းတဘက်တချက်စီမှ ချုပ်ကိုင်ထားခဲ့တာကို တွေ့ရပါတယ်။
အဲဒီမိန်းကလေးဟာ မျက်လုံးကို စုံမှိတ်ထားခဲ့ကာ ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီး ယိမ်းထိုးနေခဲ့တာပါ။
သူ့ရဲ့ရှေ့မှာတော့ သက်လတ်ပိုင်းအရွယ် မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးနဲ့ ပယောဂဆရာဖြစ်ဟန်တူသူက မိန်းကလေးကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်ပြောဆိုနေခဲ့တာကို တွေ့ရပါတယ်။
ကျယ်လောင်တဲ့ သီချင်းသံနဲ့အတူ ပယောဂဆရာနဲ့ မိန်းကလေးဟာ အပြန်အလှန် ပြောဆိုနေခဲ့ကြချိန်မှာ မိန်းကလေးဟာ ငိုကြွေးအော်ဟစ်နေခဲ့တာပါ။
အဲဒီနောက် အချိန်အနည်းငယ်အကြာမှာတော့ မိန်းကလေးဟာ ဘာမှမပြောနိုင်တော့ဘဲ ဒူးထောက်လျက်သား ဖြစ်သွားခဲ့ချိန်မှာ တခြားအမျိုးသမီး ၃ ဦးက ပြန်လည် ဆွဲမတင်ခဲ့ကြတာကို တွေ့ရပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်အညွှန်းကို “ပါတီထဲ သရဲဝင်ပူးတဲ့ ၁၁ နှစ်သမီးကို ပယောဂဆရာက တိုက်ထုတ်” လို့ ရေးထားခဲ့တာပါ။
အခုနှစ် ဇွန်လ အစောပိုင်းတုန်းကလည်း ရုပ်သံအစီအစဉ်တခု တင်ဆက်နေချိန်မှာ မကောင်းဆိုးဝါး ၀င်ပူးခဲ့တဲ့ အမျိုးသမီးတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်တခု ပျံ့နှံ့ခဲ့ပါသေးတယ်။