တက္ကဆက်တွင် ပစ်ခတ်မှု ၂ ခုဖြစ်ပွား၊ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မြို့တော် အော်စတင်မြို့မှာ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အော်စတင်မြို့ရဲ့ တေးဂီတ ဖျော်ဖြေရေး အများအပြားရှိတဲ့ မြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး အခုတော့ ရဲက အခြေအနေကို ထိန်းသိမ်းလိုက်ပြီလို့ ပြောပါတယ်။
မနက် ၂ နာရီကျော်မှာ တယောက်နဲ့တယောက် စကားများကြရာကနေ လူတယောက်က လူအုပ်ထဲ သေနတ်ထုတ်ပစ်ခဲ့တာလို့ ရဲက ပြောပါတယ်။
အသက် ၂၀ ကျော်လို့ ယုံကြည်ရတဲ့ မိန်းကလေးတဦး သေဆုံးသွားပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၃ ဦးကတော့ ဆေးရုံမှာ ဆေးကုသနေပါတယ်။
သေနတ်ပစ်ခတ်ခဲ့သူကိုတော့ ရဲက ရှာဖွေဆဲဖြစ်ပြီး ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ၊ ရုပ်သံတွေရှိရင် ပေးကမ်းဖို့လည်း ရဲတပ်ဖွဲ့က တောင်းဆိုထားပါတယ်။
ပထမပစ်ခတ်မှုအနားမှာပဲ နောက်ထပ် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ပစ်ခတ်ခဲ့သူလို့ ယုံကြည်ရတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးကို ဆေးရုံတင်ပို့ ကုသထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။