တက္ကဆက်တွင် ပစ်ခတ်မှု ၂ ခုဖြစ်ပွား၊ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

ဓာတ်ပုံ - Gallo Images/iStockphoto
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မြို့တော် အော်စတင်မြို့မှာ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အော်စတင်မြို့ရဲ့ တေးဂီတ ဖျော်ဖြေရေး အများအပြားရှိတဲ့ မြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး အခုတော့ ရဲက အခြေအနေကို ထိန်းသိမ်းလိုက်ပြီလို့ ပြောပါတယ်။ မနက် ၂ နာရီကျော်မှာ တယောက်နဲ့တယောက် စကားများကြရာကနေ လူတယောက်က လူအုပ်ထဲ သေနတ်ထုတ်ပစ်ခဲ့တာလို့ ရဲက ပြောပါတယ်။ အသက် ၂၀ ကျော်လို့ ယုံကြည်ရတဲ့ မိန်းကလေးတဦး သေဆုံးသွားပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၃ ဦးကတော့ ဆေးရုံမှာ ဆေးကုသနေပါတယ်။ သေနတ်ပစ်ခတ်ခဲ့သူကိုတော့ ရဲက ရှာဖွေဆဲဖြစ်ပြီး ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ၊ ရုပ်သံတွေရှိရင် ပေးကမ်းဖို့လည်း ရဲတပ်ဖွဲ့က တောင်းဆိုထားပါတယ်။ ပထမပစ်ခတ်မှုအနားမှာပဲ နောက်ထပ် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ပစ်ခတ်ခဲ့သူလို့ ယုံကြည်ရတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးကို ဆေးရုံတင်ပို့ ကုသထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up