ၾသစေၾတးလ် ယူ ၂၀ နှင့် သရေကျပြီး မြန်မာအမျိုးသမီးအသင်း အုပ်စုဒုတိယဖြင့် ဆီမီးတက်

ဇူလိုင် ၃၁ ရက်ညနေက ယှဉ်ပြိုင်တဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စု ခ နောက်ဆုံးပွဲမှာ မြန်မာအသင်းဟာ သြစတြေးလျ ယူ ၂၀ အသင်းကို ၁ ဂိုးစီ သရေကစားပြီး အုပ်စုဒုတိယနဲ့ အကြိုဗိုလ်လုပွဲ တက်ခဲ့ပါတယ်။
မြန်မာအသင်းဟာ သြစတြေးလျအသင်းကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၁ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပါတယ်။
မြန်မာအတွက်ဦးဆောင်ဂိုးကို တိုက်စစ်မှူး ခင်မိုးဝေက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက သြစတြေးလျတိုက်စစ်ကို ဇုန်အလိုက် ခုခံဖျက်ထုတ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၇၇ မိနစ်မှာတော့ မထင်မှတ်ဘဲ ချေပဂိုး ပေးခဲ့ရပါတယ်။
ဘယ်ခြမ်းက ဖြတ်တင်ဘောကို မီလီနာက ပိတ်သွင်းပြီး သြစတြေးလျအတွက် ချေပဂိုး ရယူပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ သြစတြေးလျ ယူ ၂၀ အသင်းနဲ့ ရမှတ် ၇ မှတ်စီ တူညီနေပေမယ့် ဂိုးကွာခြားချက်အရ အုပ်စုဒုတိယသာ ရရှိခဲ့တာပါ။
မြန်မာအသင်းဟာ အကြိုဗိုလ်လုပွဲမှာ အုပ်စု က၊ အုပ်စုပထမနဲ့ တက်လာတဲ့ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မြန်မာနည်းပြ ရော်ဂျာရိုင်နာကတော့ အကြိုဗိုလ်လုပွဲမှာ တွေ့ဆုံရမယ့် ဗီယက်နမ်အသင်းဟာ စုစည်းမှုကောင်းပြီး ခက်ခက်ခဲခဲ ကစားရနိုင်တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။
ဒါပေမယ့် ဗိုလ်လုပွဲတက်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဗီယက်နမ်ကို အနိုင်ယူဖို့ ယုံကြည်တယ်လို့လည်း ဆက်ပြောပါတယ်။
အကြိုဗိုလ်လုပွဲမှာ အခုထက်ပိုကောင်းတဲ့ ခြေစွမ်းထုတ်ပြဖို့ လိုပြီး ပရိသတ်တွေ ပျော်ရွှင်ဖို့အတွက် ဗီယက်နမ်အသင်းကို အနိုင်ယူ ကျော်ဖြတ်သွားမယ်လို့လည်း မြန်မာအမျိုးသမီးအသင်း တိုက်စစ်မှူး ရီရီဦးက ဒီဗွီဘီကို ပြောပါတယ်။
အကြိုဗိုလ်လုပွဲတွေကို လာမယ့် သြဂုတ် ၂ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ညနေ ၃ နာရီမှာ သြစတြေးလျ ယူ ၂၀ နဲ့ ထိုင်း၊ ညနေ ၆ နာရီမှာ မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
သတင်း - လွှမ်းမိုးအောင်၊ ဓာတ်ပုံ - အိမ်ခိုင်မြဲ