Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသအလိုက် မိုးကြီးနိုင်
ရွှေအောင်
·
July 31, 2016
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး အဲ့ဒီ  လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး မကြာခင်ရက်အတွင်း မုန်တိုင်းငယ်တခုဖြစ်ပေါ်နိုင်ပေမယ့် မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ မရှိဘူးလို့ မိုးလေ၀သဌာနက၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ မိုးသက်လေပြင်းများ ကျရောက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။ “လေဖိအားနည်းရပ်ဝန်းဖြစ်နေတဲ့နေရာက ရခိုင်ကမ်းရိုးတန်းနဲ့ ကပ်နေတော့ ဒေသအလိုက် မိုးကြီးနိုင်တယ်၊ မိုးသက်လေပြင်း ကျနိုင်တယ်၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း မိုးသက်လေပြင်း ကျနိုင်တယ်၊ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့၊ မကွေးတို့၊ စစ်ကိုင်းအောက်ပိုင်းဒေသတို့မှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်။” ရန်ုကုန်၊ ပဲခူး၊ မွန်နဲ့ တနင်္သာရီတို့မှာလည်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုန် အားကောင်းပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့လည်း ပြောပါတယ်။ လတ်တလောမှာတော့ ချင်းတွင်းနဲ့ ဧရာဝတီ၊ ဒုဋ္ဌ၀တီ၊ င၀န် စတဲ့မြစ်တွေ မြင့်တက်နေလို့ စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ တိုင်းတို့မှာ ရွာတချို့ ရွာလုံးကျွတ်နစ်မြုပ်နေပါတယ်။ ချင်းတွင်းနဲ့ ဧရာဝတီမြစ်အထက်ပိုင်းတို့မှာ ခုရက်ပိုင်း မိုးအားလျော့နည်းလာနေလို့ မြစ်ရေ ထပ်တိုးဖို့ မရှိဘဲ ပြန်ကျဖို့ ရှိတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024