Home
မြန်မာသတင်း
တိုင်းရင်းသားတို့ ဘုံသဘောထားချမှတ်နိုင်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လပြော
DVB
·
July 31, 2016
နိုင်ငံရေးဆွေးနွေးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ ဘုံ သဘောထားချမှတ်နိုင်ခဲ့တယ်လို့ မိုင်ဂျာယန်ညီလာခံသဘာပတိ ဗိုလ်ချူပ်ကြီး အင်ဘန်လ က ပြောပါတယ်။ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မှာ ဇူလိုင် ၂၆ ရက်ကစလို့ ၅ ရက်ကြာပြုလုပ်ခဲ့တဲ့ ညီလာခံအတွင်း အခုလို ဘုံသဘောထားချမှတ်နိုင်ခဲ့တာလို့ သူက ညီလာခံအပိတ်မိန့်ခွန်းမှာ ပြောခဲ့တာပါ။ “တိုင်းရင်းသားများအားလုံးရဲ့ နိုင်ငံရေးရပိုင်ခွင့်များအတွက် အကြံပြုဆွေးနွေးနိုင်ခဲ့ကြပြီး ရှေ့နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်အတွက် ဘုံသဘောထားချမှတ်နိုင်ခဲ့ခြင်းဟာ အဖိုးမဖြတ် နိုင်တဲ့ စုစည်းညီညွတ်မှုကို ပြသနိုင်ခဲ့ကြခြင်းဖြစ်လို့ ကျနော့်အနေနဲ့ တိုင်းရင်း သားခေါင်းဆောင်များ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ မှတ်တမ်းတင်ထား ရှိပါကြောင်း ပြောကြားလိုပါတယ်။” ညီလာခံအပြီးထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ ဘုံသဘောထားရယူရန် ကျန်ရှိနေသေးတဲ့ အကြောင်းအရာများကို ဆက်လက်အတည်ပြုနိုင်ဖို့ ညီလာခံက တာဝန်ပေးအပ်တဲ့ အလုပ်အဖွဲ့တွေက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ C.T နဲ့ လက်မှတ်မထိုးသေးတဲ့တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးမယ့်အဖွဲ့ DPN တို့ ပူးတွဲနည်းလမ်းရှာ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ မိုင်ဂျာယန်ညီလာခံကို ၂၁ ရာစု ပင်လုံ နဲ့ပတ်သက်လို့ အကြိုညှိနှိုင်းရေးနဲ့ အနာဂါတ်ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားများ ရရှိရေးဆိုတဲ့ ရည်ရွယ်ချက် ၂ ရပ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ညီလာခံကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့၊ ပြည်တွင်းက တိုင်းရင်းသားပါတီ နဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ စတဲ့အဖွဲ့က ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024