ရွှေတြိဂံကို ပိတ်ဆို့ပြီး မူးယစ်တိုက်ဖျက်ရေး ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မည်
DVB
·
July 30, 2016

မူးယစ်ဆေးဝါး ထုတ်လုပ်တယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေတြိဂံကို ပိတ်ဆို့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိုင်းနဲ့မြန်မာတို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ အတူ နယ်စပ်ကရွာတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ မြန်မာ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းတရားရေး ၀န်ကြီး Paiboon Koomchaya ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။
၃ နှစ်ကြာ မဲခေါင်ဒေသလုံခြုံရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ၂ နိုင်ငံက သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။
ရွှေတြိဂံဒေသကို ပိတ်ဆို့တယ်ဆိုတာက ဒီဒေသကနေ မူးယစ်ဆေးဝါးတွေ တခြားနေရာတွေကို သယ်ဆောင်လို့ မရအောင်ဆိုလိုတာဖြစ်သလို ဒီဒေသထဲကိုလည်း မူးယစ်ဆေးဝါး ထုတ်လုပ်ဖို့ အတွက် တခြား ဆက်စပ်ပစ္စည်းတွေ သွင်းလို့မရအောင် ဖြစ်တယ်လို့ သတင်းကရေးပါတယ်။
ဒီနေရာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖို့အတွက် နှစ်စဉ် ဓာတုပစ္စည်း တန်ချိန် ၃ ထောင်နီးပါးကို အသုံးပြုနေတယ်လို့လည်း ထိုင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။
မဲခေါင်မြစ်အနီး ထိုင်း၊ မြန်မာ လာအို နယ်စပ်ဆုံရာ စတုရန်း ကီလိုမီတာ ၉၅၀၀၀၀ ရှိတဲ့ တောတောင်ထူထပ်တဲ့ ရွှေတြိဂံက မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေကို အစိုးရအရရှိတွေက ပစ်မှတ်ထားခဲ့တာ ကာလရှည်ကြာခဲ့ပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင်ထွေးကလည်း စီမံကိန်းအတွက် ပညာရပ်ဆိုင်ရာ အကူအညီနဲ့ ဆေးပညာဆိုင်ရာ အကူအညီတွေပေးမယ့် ထိုင်းနဲ့ အတူ အလုပ်လုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။