အမေရိကန်တွင် ဇီကာ ဗိုင်းရပ်စ် ကူးစက်သူကို စတွေ့

720
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် ဇီကာ ဗိုင်းရပ်စ် ကူးစက်သူ ၄ ဦးကို စတင်တွေ့ရှိရတယ်လို့ ဇူလိုင် ၂၉ ရက်က ကျန်းမာရေး အရာရှိတွေက အတည်ပြုပါတယ်။
ဒီအတွက် အမေရိကန်မှာ ဇီကာပိုး သယ်ဆောင်ထားတဲ့ ခြင်တွေ ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဖလော်ရီဒါအစိုးရ တာဝန်ရှိသူ ရစ်စကော့ကတော့ ဒါဟာ ဖလော်ရီဒါ အရေးကိစ္စ တခုမဟုတ်ဘဲ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတခု ဖြစ်တယ်လို့ ပြောပါတယ်။
လက်တင်အမေရိကနဲ့ ကာရစ်ဘီယန် နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ဇီကာ ကူးစက်ရောဂါဟာ ဒီနိုင်ငံကို သွားရောက်လည်ပတ်တာ ဒါမှမဟုတ် လိင်ဆက်ဆံမှုကနေ တဆင့် ကူးစက်တာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ဖလော်ရီဒါဖြစ်ရပ်ကတော့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှု၊ နိုင်ငံရပ်ခြားကို ခရီးသွားမှုနဲ့ မသက်ဆိုင်ဘဲ ဖြစ်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဇီကာဗိုင်းရပ်စ်ဟာ မပြင်းထန်တဲ့ နာဖျားမှုကို လူအများစုအတွက် ဖြစ်စေနိုင်ပေမယ့် ကလေးငယ်တွေအတွက်တော့ ဦးနှောက်ပိုင်းဆိုင်ရာကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ပါတယ်။