Home
ဆောင်းပါး
လူသိများလာတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ စတီဗင်ဇော်ကြီးအကြောင်း
DVB
·
July 30, 2016
ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်မှာ အားပေးတဲ့သူ ဖော်လိုးဝါ (Follower) ၂ သိန်းကျော်ရှိနေတဲ့ အသက် ၄၀ အရွယ် ဖေ့စ်ဘွတ်ခ်ဆယ်လီတယောက်။ သူ့နာမည်က စတီဗင်ဇော်ကြီး။ "ဦးဇော်နာမည်အရင်းတော့ မဟုတ်ဘူး။ ဒါကတော့ ဖေ့စ်ဘွတ်ခ်သုံးမှ စတီဗင်ဇော်ကြီးဆိုတဲ့ နာမည်ကို သုံးတာပေါ့နော်။ နာမည်ရင်းက ဝင်းဇော်။" စတီဗင်ဇော်ကြီးဆိုပြီး ဖြစ်မလာခင်တုန်းကတော့ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ခဲ့သူပါ။ ၂၀၁၅ ခုနှစ်လောက်မှ  လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပါ် မူတည်ပြီး သရော်တဲ့ ရယ်စရာ ဗွီဒီယိုဖိုင် အတိုလေးတွေ တင်ရာကနေ လူသိများလာခဲ့တာပါ။ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဗွီဒီယိုဖိုင်ကတော့ ရန်ကုန်မြို့ လှိုင်သာယာက နာမည်ကျော် မှုခင်းတခုကို သရော်ခဲ့တဲ့ ရယ်စရာ ဗွီဒီယိုဖိုင်လေးပါ။ "ဒီမှုခင်းကြီးပေါ်မှာ ဟာသလေးလုပ်ချင်တာ။ ဘာရယ်မဟုတ်ပါဘူး၊ မူဗီ (Movie) လေး လွယ်လွယ်လေး တမိနစ်လောက် ရိုက်လိုက်တာပါပဲ။ ပါလာတဲ့အဖော်ကို ဘီယာဆိုင်အတွင်း ဓားနဲ့ထိုး၊ ကြောက်တတ်သူများ မကြည့်ရ။ ခေါင်းစဉ်အရကတော့ တော်တော်သွေးပျက်စရာ ကောင်းတယ်ပေါ့။ အဲဒီ မူဗီလေးက ပေါက်သွားပြီးတော့ အဲ့မှာ ကွန်မန့်တွေက အမျိုးစုံ မန့်ကြတာ။ တချို့ကလည်း မိုက်တယ်၊ ရယ်ရတယ်၊ အမောပြေတယ်၊ တချို့ကလည်း တော်တော်ဆဲကြတာ။ ကောင်းတဲ့ကွန်မန့်လေးတွေကြည့်ပြီး အစ်ကို နောက် မူဗီလေးတွေ ဖျော်ဖြေပေးချင်လာတာပေါ့နော်။ အဲဒါနဲ့ တကားပြီးတကား ရိုက်ပြီး တင်မိတာပေါ့နော်။" ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူသိများလာတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြစ်လာခဲ့တဲ့ အချိန်ကနေ တနှစ်ကျော်ကျော်အတွင်း ဟာသဗွီဒီယိုဖိုင် ၇၀ ကျော်ကျော်လောက် တင်ခဲ့ပြီး ဖြစ်ပါတယ်။ တင်ခဲ့သမျှ ဖိုင်တော်တော်များများဟာလည်း ပရိသတ်ရဲ့တုံ့ပြန်မှု အများအပြား ရခဲ့ပါတယ်။ "တို့မြန်မာလူမျိုးဆိုတာလည်း ညီလေးသိတဲ့အတိုင်းပဲ၊ စိတ်ဖိစီးမှု တော်တော်ရှိကြတယ်။ အစ်ကို့မူဗီလေး တက်လာတဲ့အခါမှာကျတော့ မိနစ်တိုအတွင်း ရယ်ရွှင်မြူး ဖြစ်သွားတာပေါ့နော်။ စိတ်ပေါ့ပါးသွားတာပေါ့။ အဲ့ဒီအခါမှာ တချို့လည်း ဦးဇော် အားပေးတယ် ဆက်လုပ်ပေးပါ။ ကျနော်တို့ ဒီနေ့ ဆရာနဲ့စကားများလာတာ၊ ဦးဇော် မူဗီ ကြည့်လိုက်မှပဲ စိတ်ပြေသွားတယ်။ ကျနော်တို့ စကားများထားတာ၊ ဦးဇော် မူဗီ ကြည့်လိုက်တော့ စိတ်ပင်ပန်းတာတွေ ပြေသွားတယ်။ အကြောင်းအမျိုးမျိုးပဲ၊ ချက်ဘောက်မှာလာတယ်။ စာတွေပို့ကြတယ်။" တနေ့တမျိုး မရိုးရအောင် ပွဲဆူတဲ့ အကြောင်းအရာတွေ မပြတ်ရှိနေတဲ့ ဖေ့စ်ဘွတ်ခ်ဟာ သူ့အတွက်တော့ သရော်လှောင်ပြောင် ဟာသဖောက်တဲ့ ရယ်စရာဗွီဒီယိုတွေ ရိုက်ဖို့ ကုန်ကြမ်းရှာတဲ့ အဓိကနေရာပါပဲ။ "ဖေ့စ်ဘွတ်ခ်လိုင်းပေါ်ကရတာ များတယ်ပေါ့နော်။ အရင်တုန်းကဆိုရင် အိုင်ဒီယာတွေက ပိုပြီးတော့ရတယ်။ ဘာလို့လဲဆိုရင် ဒီမိုကရေစီနဲ့ ကြံ့ခိုင်ရေးက အပြိုင်လုနေတဲ့အခါ ရွေးကောက်ပွဲမပြီးခင်က ပိုပြီးတော့ အိုင်ဒီယာ ရတယ်ပေါ့။ ဒီဘက်ခေတ်ကျတော့ အဲ့လိုမျိုး မရှိတဲ့အခါကျတော့ အိုင်ဒီယာ နည်းနည်းလေး ခန်းတယ်ပေါ့နော်။ မျိုးစုံပါပဲ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြဿနာလေးတွေ ဖြစ်ကြတဲ့အပေါ်မှာ အစ်ကိုက ပြန်ပြီးတော့ Troll ဖို့ စဉ်းစားရတာပေါ့။" ဒီလိုမျိုး ကုန်ကြမ်းကို ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ယူရုံမက စတီဗင်ဇော်ကြီးရဲ့ ရယ်စရာမူဗီ တော်တော်များများမှာ သူနဲ့အတူတွဲပြီး သရုပ်ဆောင်နေကြ အဖွဲ့သား ငါးယောက်ဆီက အကြံဉာဏ်တွေနဲ့လည်း ရိုက်ကူးပါတယ်။ "တခါတလေ လုံးဝမထွက်ရင် ညီငယ် ညီမငယ်တွေကို မင်းတို့ စဉ်းစားကြဦး။ ငါ့ချည်း အားမကိုးနဲ့၊ မင်းတို့လုပ်ကြဦး။ သူတို့ကလည်း သူတို့အတွေ့အကြုံလေးတွေပေါ့ အကြောင်းအမျိုးမျိုးလေးတွေ ကိုယ့်ဟာကိုယ်စုပြီး မရိုက်ခင် အကြမ်းတိုင်ပင်ပြီးမှ ရိုက်တာမျိုးတွေလည်း ရှိတယ်။" ဖေ့စ်ဘွတ်ခ်ဆယ်လီတယောက် ဖြစ်လာပြီးတဲ့နောက် သူ့ရဲ့ တနေ့တာ အင်တာနက်သုံးတဲ့နှုန်းဟာ မြင့်တက်လာပြီး ကုန်ကျစရိတ်လည်း မြင့်တက်လာပါတယ်။ "တရက်ကို MB ၈၀၀ လောက်ကုန်တယ်။ အရင်တုန်းကဆိုရင် သာမန်ရိုးရိုး User ဆိုရင် တယ်လီနောက ရောင်းတဲ့ MB ၅၀၀၊ ၁၉၀၀ ဖိုးဆိုရင် တပတ်လောက်သုံးလို့ရတယ် လေးရက်ငါးရက်ပေါ့နော်။ အစ်ကိုတို့ကျတော့ ဆယ်လီဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ အဲ့လောက်မခံတော့ဘူး။ နိုတီတွေက အစုံတက်တာ။ ပေ့ခ်ျတခုထောင်မယ်၊ ဂရုတခုထောင်မယ်ဆိုရင် အစ်ကို့နာမည်ကို ထိပ်ဆုံးကနေ ထည့်ထားတာ၊ သူတို့နိုတီတက်သမျှ ဖုန်းဘေကဖြတ်တာကိုး၊ ဖြတ်တဲ့အခါကျတော့ အမ်ဘီ ၈၀၀ လောက်ကုန်တယ်။" ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ  ဖော်လိုဝါ ၂ သိန်းကျော်ရှိတာကြောင့် စတီဗင်ဇော်ကြီး တင်လိုက်တဲ့ ဗွီဒီယိုဖိုင်တွေဟာ အားပေးသူတွေဆီကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားလေ့ရှိတာကြောင့် သူလူမှုကွန်ရက်ပေါ်မှာ တင်ပြီး ကြော်ငြာပေးလိုက်တဲ့ ထမင်းဆိုင်တဆိုင်ဟာ နေ့ချင်ညချင်းဆိုသလို ရောင်းအား ထိုးတက်သွားခဲ့ပါတယ်။ "သမီးတို့ထမင်းဆိုင်ကို လာစားပေးလှည့်ပါလို့ ခေါ်တယ်။ ခေါ်တော့ အေးလာခဲ့မယ်ပေါ့၊ ဝတ်ကျေတမ်းကျေပဲ ပြန်ပြောလိုက်တယ်။ ဖုန်းနံပါတ်ပေးလိုက်တယ်။ အဲနောက်မှာ ဆက်တိုက်ခေါ်တယ်။ သုံးခါလောက်ခေါ်တဲ့အခါကျတော့ သူတကယ်ခေါ်ရှာတာပဲ ဆိုပြီးတော့ ကျနော်နဲ့အတူ ရိုက်နေတဲ့ ညီလေး ညီမလေးတွေနဲ့ ထမင်းသွားစားလိုက်တယ်။ စားပြီးတော့ သူတို့က ဦးပေါ့နော် ဒါလေးကို တင်ပေးဦးပေါ့နော်။ သူတို့က အများကြီးလည်း တောင်းဆိုတာ မဟုတ်ဘူး။ ကြော်ငြာပေးဦးလည်း မပြောဘူး။ သမီးတို့ကို ဒါလေးတင်ပေးပါလား၊ ဦးတို့စားတာလေးကိုဆိုပြီး။ အဲဒီလို တောင်းဆိုလိုက်တော့ ကျနော့် ဒီ ညီအစ်ကိုအဖွဲ့နဲ့ စားမယ့်ပုံလေးကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လိုက်တဲ့အခါကျတော့ ကျနော့်ရဲ့နောက်မှာ ဖန်တွေရှိတဲ့အခါကျတော့ လူထုက တအားလိုက်လာတာ။ အဲ့ဆိုင်က တော်တော်လေး အောင်မြင်မှု ဖြစ်သွားတယ်ပေါ့နော်။" အောင်မြင်မှုရဲ့နောက်မှာ ကျွဲကူးရေပါဆိုသလို ပါလာတာကတော့ အခွင့်အလမ်းတွေပါပဲ။ အခုဆိုရင် အကွက်မြင်တဲ့ စီးပွားရေးသမားတွေက သူတင်မယ့် ဗွီဒီယိုဖိုင်တွေမှာ ကုန်ပစ္စည်းကြော်ငြာတွေ ထည့်သွင်းပေးဖို့ ကမ်းလှမ်းတာတွေလည်း ရှိလာခဲ့ပါတယ်။ "ကိုဇော်ကြီးနဲ့ မန်းလေးသားအချင်းချင်း ရင်းနှီးတဲ့ အနေအထားရယ်၊ နောက်ပြီးတော့ ကိုဇော်ကြီးတို့က ဗွီဒီယိုတွေ ရိုက်ပြီးတင်နေတာ ဖြစ်တဲ့အတွက်ကြောင့်၊ ပြီးတော့ ကျနော်တို့ကလည်း ဗွီဒီယိုနဲ့ပတ်သက်တဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို တင်သွင်းနေတာ ဖြစ်တဲ့အတွက်ကြောင့် ကိုက်ညီမယ့် အနေအထားဖြစ်တာရယ်၊ ကိုဇော်ကြီးက လက်ရှိမှာ ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြစ်နေတာကြောင့် ကျနော်တို့က ကိုဇော်ကြီးရဲ့ ဗွီဒီယိုတွေမှာ ကျနော်တို့ရဲ့ ဗွီဒီယိုကင်မရာတွေနဲ့ ရိုက်ပြီးတော့ ကျနော်တို့ Brand ကို ကြော်ငြာရင် ပိုပြီး ထိရောက်မယ်လို့ ယူဆတဲ့အတွက် ကိုဇော်ကြီးကို အခုလို စပွန်စာပေးရခြင်း ဖြစ်ပါတယ်ခင်ဗျ။" လို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ တင်သွင်းရောင်းချနေတဲ့ ကိုလင်းက ပြောပါတယ်။ "ဖေ့စ်ဘွတ်ခ် ဆယ်လီ ဖြစ်ပြီးတဲ့နောက်ပိုင်း အမ်ပီတီ လက်အောက်ခံ ကုမ္ပဏီနဲ့ စာချုပ်တယ်။ ကျနော်က ကျနော့်မူဗီတွေ တင်တဲ့အခါကျရင် ကုန်အမှတ်တံဆိပ်တွေ ထိုးပေးဖို့ရာ ကမ်းလှမ်းလာကြပါတယ်။" စမတ်ဖုန်းတွေကို ပေါပေါများများ ကိုင်လာနိုင်တဲ့ခေတ်မှာ လူမှုကွန်ရက်တွေပေါ် ထင်ပေါ်ကျော်ကြားကြတဲ့ စတီဗင်ဇော်ကြီးတို့လို ဖေ့စ်ဘွတ်ခ်ဆယ်လီတွေဟာ ဖေ့စ်ဘွတ်ခ်ရဲ့ အပြင်ဘက် သွားလေရာမှာ မျက်နှာပွင့်ကြပါတယ်။ "တခေါက် ရန်ကုန်ကို သွားတဲ့အခါကျတော့ အစ်ကို ဟိုတယ်ကနေ ထွက်တဲ့အခါမှာ လိုင်းကားပေါ်ကနေ ဦးဇော်၊ ဟိုဟာ ဦးဇော်ဆိုပြီး အော်တာတွေ ကြုံဖူးတယ်။ တက္ကဆီသမားတွေက ဦးဇော်ရှေ့ကနေ ပိတ်ရပ်ပြီး ဆယ်လ်ဖီဆွဲတာတွေ ကြုံဖူးတယ်။ မန္တလေးမှာလည်းရှိတယ်။" စတီဗင်ဇော်ကြီးရဲ့ ပရိသတ်တဦးကလည်း "ညီမကတော့ စုချစ်ဇော်ပါ။ စုချစ်က ဦးဇော်ရဲ့ အမာခံပရိသတ်။ ဦးဇော်ရဲ့ မူဗီတွေထဲမှာဆိုရင် တရုတ်စကားသင်တာကိုလည်း ကြိုက်တယ်။ ဓားပေါ်အိတ်ပြတာလည်း ကြိုက်တယ်။ လူကြီးတွေမရှိတုန်း ကြံစည်တာကိုလည်း ကြိုက်တယ်။ အကြိုက်ဆုံးကတော့ ပထမဆုံးကြည့်မိတဲ့ တရုတ်စကားကို အရမ်းကြိုက်တာ။ ကြိုက်လွန်းလို့ အဲ့ဒါကို ဖေ့စ်ဘွတ်ခ်ဝေါလ်ပေါ်မှာ ဆေ့ဗ်ထားတယ်။" လို့ ပြောပါသေးတယ်။ "မန္တလေးမှာတော့ အစ်ကိုက ဆယ်လီမဖြစ်ခင်က ပေါ့ပေါ့ပါးပါးပဲ သွားနေတာပေါ့နော်။ နောက်ပိုင်းကျတော့ အစ်ကိုနဲ့တွဲနေတဲ့ ညီလေးတွေနဲ့ပဲ သွားတော့တာ။ လန့်တာလား၊ အရိုက်ခံရမှာ ကြောက်လို့လား၊ အဲ့လိုတော့ မဟုတ်ဘူး။ နည်းနည်းလေးတော့ စိတ်အနှောင့်အယှက် ဖြစ်တယ်လေ။ ဒီညီလေးတွေပါတော့ ဘာပဲဖြစ်ဖြစ် သွားရလာရတာ အိနြေ္ဒရတယ်လေ။ အဲဒါကြောင့် ဘယ်သွားသွား ဒီငါးယောက်အဖွဲ့နဲ့ပဲ သွားဖြစ်တာ။" ပျံ့နှံ့လွှမ်းမိုးမှုနှုန်း မြန်ဆန်လှတဲ့ ဖေ့စ်ဘွတ်ခ်မှာ ထင်ရှားကျော်ကြားလာတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီတွေဟာ သူတို့ရဲ့ ထင်ရှားကျော်ကြားမှုကို သုံးချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြောင့် ငွေကြေးအရပါ အောင်မြင်လာကြပါတယ်။ "ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်လာတဲ့ စတေးတပ်လေးတကြောင်းဖြစ်ဖြစ်၊ တယောက်နဲ့တယောက် ပြဿနာဖြစ်တာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်း ဆိုင်ရာတော့ အစ်ကိုရှောင်တယ်။ နိုင်ငံရေးဖြစ်ဖြစ် Troll လိုက်တဲ့သဘောပါပဲ။ လူရွှင်တော်လို့လည်း မခံယူဘူး၊ အနုပညာရှင်လို့လည်း မခံယူဘူး၊ အကြောင်းအရာတခုပေါ်မှာ Troll လိုက်ရရင် ကျေနပ်တယ်။" ဘာလိုပဲဖြစ်ဖြစ် အချိန်နဲ့ငွေတွေ အကုန်ခံပြီး သုံးနေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်က ဖေ့စ်ဘွတ်ခ်သုံးသူတွေကြားမှာ မန္တလေးက ကိုဝင်းဇော်တယောက်ကတော့ စတီဗင်ဇော်ကြီးဆိုတဲ့ နာမည်တလုံးနဲ့ ဝင်ငွေပြန်ရနေသူတယောက်ဖြစ်လို့နေပါပြီ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024