Homeမြန်မာသတင်း
ဧရာဝတီတိုင်း၌ ရင်းနှီးမြှုပ်နှံရန် ထိုင်းစီးပွားရေးသမားများကို ၀န်ကြီးချုပ်မန်းဂျော်နီဖိတ်ခေါ်
ဧရာဝတီတိုင်း၌ ရင်းနှီးမြှုပ်နှံရန် ထိုင်းစီးပွားရေးသမားများကို ၀န်ကြီးချုပ်မန်းဂျော်နီဖိတ်ခေါ်
DVB
·
July 29, 2016
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက ထိုင်းစီးပွားရေးသမားတွေကို ဖိတ်ခေါ်ကမ်းလှမ်းလိုက်ပါတယ်။
အထူးသဖြင့် အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဇူလိုင် ၂၈ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဧရာဝတီတိုင်း ၀န်ကြီးချုပ်နဲ့တွေ့ဆုံစဉ်ပြောကြားခဲ့တာလို့ ထိုင်းစက်မှုဝန်ကြီး အက်ချာကာစီဘန်ရောင်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းအေဂျင်စီမှာဖော်ပြပါတယ်။
ဧရာဝတီတိုင်းဟာ မြန်မာပြည်ရဲ့ မြေသြဇာကောင်းတဲ့ စိုက်ပျိုးဧရိယာဖြစ်ပြီး ထိုင်းလုပ်ငန်းရှင်တွေကျွမ်းကျင်တဲ့ စိုက်ပျိုးရေးနဲ့ အစားအစာ ကုန်ချောထုတ်လုပ်ငန်းတွေအတွက် အဓိက စက်မှုဇုန် အဖြစ်ဖွံ့ဖြိုးတိုးတက်နေတဲ့နေရာလို့ အသိအမှတ်ပြုတယ်လို့ ထိုင်းဝန်ကြီးကဆိုပါတယ်။
ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ လုပ်သားအင်အား အဓိကသုံးရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တိုက်ရိုက်ဖြစ်ဖြစ် ၊ မြန်မာလုပ်ငန်းရှင်တွေနဲ့ ဖက်စပ်ဖြစ်ဖြစ် ပုသိမ်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ မြန်မာဘက်က ဖိတ်ခေါ်ခဲ့ပါတယ်။
ခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံကိုလာရောက် အမြင်နဲ့ အတွေ့အကြုံတွေဖလှယ်တဲ့ခရီးစဉ်ဟာ အိမ်နီးချင်းနှစ်နိုင်ငံအကြား အနာဂတ်မှာ အပြန်အလှန်အကျိုးရှိမယ့်ကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဖို့ လမ်းခင်းပေးရာရောက်မယ်လို့ မျှော်လင့်တယ်လို့ ၀န်ကြီးချုပ် မန်းဂျော်နီ ကပြောကြားခဲ့တယ်လို့ ထိုင်း သတင်းမှာဖော်ပြပါတယ်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီဟာ ထိုင်းခရီးစဉ်အတွင်း ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်းစက်မှုကုန်စည်ပြပွဲနဲ့ ထိုင်းနိုင်ငံအနောက်ပိုင်း ဘန်ပါဂွန်းဒေသရှိ တန် ၁၀၀၀ ဆန်စက်တွေ ကိုလည်း တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးရာဝန်ကြီး ဦးလှကျော်တို့နဲ့ အတူသွားရောက် လေ့လာခဲ့ပါတယ်။