ကိုဇာဂနာကို ထောင်ဝင်စာတွေ့ခွင့်ပေးပြီ
နော်နိုရင်း
·
October 4, 2011
စွယ်စုံအနုပညာရှင် လူရွှင်တော် ဇာဂနာကို အာဏာပိုင်တွေက ဆွေမျိုးသားချင်းတွေနဲ့ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုလိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရတဲ့ ကိုဇာဂနာကို ဆွေမျိုးသားချင်းတွေနဲ့ ထောင်ဝင်စာ တွေ့ဆုံခွင့်မပေးဘဲ တနှစ်ခွဲလောက် တားမြစ်ထားရာက ပြန်လည်တွေ့ခွင့် ပြုလိုက်တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားထောင်မှာ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ တခြားနိုင်ငံရေးအကျဉ်းသားမိသားစုကနေတဆင့် အကြောင်းကြားလာလို့ ထောင်ကို ဆက်သွယ်မေးမြန်းရာမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောခဲ့တယ်လို့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။
“အဲဒီသတင်းအရင် စကြားတယ်။ ကြားပြီးတော့မှ ညဖက်ကျမှ ထောင်ကို ဖုန်းဆက်ပြီးမေးတော့ ဦးစီးအရာရှိက တွေ့ခွင့်ရပါပြီလို့ ဖြေတယ်။ သန်းခေါင်စာရင်း၊ မှတ်ပုံတင် အစုံအလင်နဲ့လာခဲ့ရင် တွေ့လို့ရပါတယ်လို့ ပြောပါတယ်။”
ကိုဇာဂနာကို ထောင်ဝင်စာ တွေ့ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် ဒီလလယ်ပိုင်း သို့မဟုတ် လကုန်ပိုင်းကျရင် သွားတွေ့ဖို့ စဉ်းစားထားတယ်လို့ မငြိမ်းက ပြောပါတယ်။
ဒါ့အပြင် အခုတလော မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေသလို ကိုဇာဂနာ အပါအဝင် အကျဉ်းကျနေသူတချို့ ပြန်လည်လွတ်မြောက် လာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး မငြိမ်းက “မကြားသေးပါဘူး။ ကောလဟလကတော့ ပြီးခဲ့တဲ့တပတ်လုံးကတော့ ဖြစ်နေတာ။ မနေ့ကထိတောင် ကိုသူရက နေပြည်တော်ကို ရောက်နေသလိုလို ပြောနေကြတယ်။ အနုပညာလောကမှာလည်း ကြားနေရတယ်။ ဖြစ်ရိုးဖြစ်စဉ်တွေက ရှိတယ်။ နှစ်မစေ့ပဲ လွတ်တဲ့လူတွေက အိမ်တိုင်ရာရောက် ပြန်ပို့တတ်ကြတယ်။ နယ်မြေခံအက်စ်ဘီ (အထူးရဲတပ်ဖွဲ့) ကနေ အကြောင်းကြားမှ အမှန်ဖြစ်တယ်။”
ကိုဇာဂနာဟာ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးသင့်ခဲ့ရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရင်းနဲ့ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။