A d v e r t i s e m e n t With Us

ခြင်္သေ့ ၁၄ ကောင်ကို သွေးအေးအေးဖြင့် တုံ့ပြန်တိုက်ခိုက်သည့် ဆင် (ရုပ်သံ)

ဇမ်ဘီယာနိုင်ငံမှာ ဆင်တကောင်ဟာ ခြင်္သေ့အမ ၁၄ ကောင်ရဲ့ တိုက်ခိုက်မှုကို သွေးအေးအေးနဲ့ တုံ့ပြန်ပြီး သူ့ရဲ့စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ခြင်္သေ့တွေဟာ ဆင်ကလေးကို ကုတ်ဖဲ့ကာ အုပ်စုဖွဲ့ အနိုင်ကျင့် တိုက်ခိုက်နေခဲ့ကြတာကို တွေ့ရပါတယ်။ သူတို့ဟာ ရေစပ်တခုအနီး သဲသောင်ပြင်ပေါ်မှာ ရှိနေကြတာဖြစ်ပြီး ဆင်ကလေးဟာ ကိုက်ခဲနေကြတဲ့ ခြင်္သေ့တွေကို သွေးအေးအေးနဲ့ ရေထဲကို ခေါ်ဆောင်သွားဖို့ ကြိုးစားခဲ့တာပါ။ သူ့ရဲ့နောက်ဘက်မှာရော ကျောပေါ်မှာပါ ကုတ်တွယ်ကိုက်ခဲနေကြတဲ့ ခြင်္သေ့အများစုဟာ ရေထဲကို ရောက်ကာနီးမှာ ခုန်ဆင်းကျန်နေခဲ့ကြပေမယ့် တကောင်ကတော့ သူ့အပေါ်ကနေမဆင်းဘဲ ကုတ်တွယ်လိုက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ကျောပေါ်ကနေ ခုန်ချခဲ့ပြီး ရေထဲကဆင်ကို သူ့အဖော်တွေနဲ့အတူ ပြန်လည်ကိုက်ခဲဖို့ ကြိုးစားခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာ ဆင်ကလေးဟာ ကမ်းစပ်သောင်ပြင်ပေါ်ကို တကျော့ပြန်လာခဲ့ပြီး နောက်မှာ နှာမောင်းနဲ့ ခန္ဓာကိုယ်ကို ဝှေ့ရမ်းခြိမ်းခြောက်လိုက်ပြီး ရေထဲကို နောက်တကြိမ် ပြန်ဆင်းသွားခဲ့တာပါ။ ဒါပေမယ့် ခြင်္သေ့တွေဟာ ကျန်မနေခဲ့ဘဲ ဆင်ကလေးနောက်ကနေ ရေထဲကို ဆင်းလိုက်သွားခဲ့တာကို ယူပီအိုင်သတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ရေထဲမှာ တော်တော်ဝေးဝေး ရောက်ချိန်မှာတော့ ဆင်ကလေးဟာ ရုတ်တရက် ပြန်လှည့်ပြီး တိုက်ခိုက်တော့မယ့်ဟန်နဲ့ တဟုန်ထိုး ပြန်ပြေးလိုက်ခဲ့ချိန်မှာတော့ ခြင်္သေ့တွေဟာ တုံ့ပြန်မတိုက်ခိုက်ရဲတော့ဘဲ ထွက်ပြေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ရုပ်သံ ဗွီဒီယိုဖိုင်ကို ဇမ်ဘီယာနိုင်ငံ၊ ချင်ဇွမ်ဘိုဆာဖာရီ သဘာဝဥယျာဉ်ထဲကို လာရောက်လည်ပတ်ခဲ့တဲ့ ဂျက်ဆီနက်ရှ်က ၂၀၁၄ ခုနှစ်တည်းက ရိုက်ကူးခဲ့တာဖြစ်ပြီး ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၃၆ သိန်းကျော် ရှိခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up