ကလင်တန်ကို မဲပေးရွေးချယ်ရန် ထောက်ခံသူများကို အိုဘားမား တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်သမ္မတ အိုဘားမားက ဒီမိုကရက်တစ်ပါတီ ညီလာခံမှာ သူ့ရဲ့ရည်မှန်းချက်တွေ ဆက်လက်အကောင်အထည်ဖော်ဖို့ ဟီလာရီကလင်တန်ကို မဲပေးရွေးချယ်ဖို့ ထောက်ခံသူတွေကို ဇူလိုင် ၂၇ ရက်က တိုက်တွန်းလိုက်ပါတယ်။ ဟီလာရီကလင်တန်လောက် အမေရိကန်သမ္မတဖြစ်ထိုက်တဲ့သူ ဘယ်သူမှမရှိဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဟီလာရီဟာ အခက်အခဲ ဘယ်လိုပဲရှိရှိ၊ ဘယ်တော့မှ အရှုံးမပေး၊ မဖြစ်ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်နိုင်တဲ့သူဖြစ်လို့ သူကိုယ်တိုင်လည်း လေးစားအတုယူထိုက်သူလို့ အိုဘားမားက ပြောပါတယ်။ ဒီမိုကရက်တစ်ပါတီ ညီလာခံမှာ မိန့်ခွန်းပြောသူအများစု ပြောဆိုနေကြတဲ့ အမေရိကန်ပြည်ထောင်စုဟာ ထိပ်တန်းကျတဲ့နိုင်ငံလို့ ဂုဏ်ယူပြောဆိုမှုတွေကို  ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ ပယ်ချပါတယ်။ အမေရိကန်ပြည်သူတွေ သန်းနဲ့ချီပြီး ဆင်းရဲဒုက္ခ ရောက်နေကြတယ်၊ လက်နက်ကိုင် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတယ်၊ စီးပွားရေးချွတ်ခြုံကျနေပြီး လူတွေ မျှော်လင့်ချက် ကင်းမဲ့နေကြတယ်၊ ဒီလိုအခြေအနေတွေမှာ ဘယ်လိုမှ အမေရိကန်နိုင်ငံဟာ ကြီးကျယ်ခမ်းနားတဲ့နိုင်ငံ မဖြစ်နိုင်ဘူးလို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။ လူထုစစ်တမ်းတွေအရ အမေရိကန်သမ္မတလောင်း ၂ ယောက်လုံးဟာ လူကြိုက်အနည်းဆုံး သမ္မတလောင်းတွေ ဖြစ်နေကြပြီး လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာ အတော့်ကို အကြိတ်အနယ်ရှိမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲလို့ သတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up