A d v e r t i s e m e n t With Us

ဘန်ကောက်မြို့ စုပေါင်းရုပ်ရှင်ရုံ အဆောက်အဦ မီးလောင်ပြိုကျ (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သွန်ဘူရီခရိုင်ထဲမှာ ဒီကနေ့မနက် အစောပိုင်းက အကြီးဆုံး စုပေါင်းရုပ်ရှင်ရုံ အဆောက်အဦတခု မီးလောင်ကျွမ်းခဲ့ပြီး ပြိုကျခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ မေဂျာစီနီပလက်စ်ပင်ခလို အမည်ရ အဆိုပါ စုပေါင်းရုပ်ရှင်ရုံ မီးလောင်ကျွမ်းချိန်မှာ ရုပ်ရှင်ရုံဖွင့်ချိန် မဟုတ်သေးလို့ ထိခိုက်ဒဏ်ရာရရှိသူ တယောက်မှ မရှိခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး ဆနစ်ခ် မဟာတရွန်က “တတိယထပ် ရုပ်ရှင်ရုံ အမှတ် ၈ ကနေ မီးစလောင်ခဲ့တာပါ။ အဲဒီအချိန်မှာ ရုပ်ရှင်ပြချိန်မဟုတ်လို့ ရုံထဲမှာ တယောက်မှ ရှိမနေခဲ့ပါဘူး” လို့ ပြောပါတယ်။ မနက် ၁၁ နာရီခွဲအချိန်မှာ လောင်ကျွမ်းခဲ့တဲ့ နေရာကို မီးသတ်သမားဦးရေ ၁၀၀ ကျော်နဲ့ မီးသတ်ကားစီးရေ သုံးလေးဆယ်လောက် လာရောက်မီးငြှိမ်းသတ်ခဲ့ကြရတာပါ။ မီးဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်လောင်ကျွမ်းနေခဲ့တာဖြစ်ပြီး နေ့လယ် ၁ နာရီ မထိုးခင်မှာတော့ အဆောက်အဦရဲ့ ခေါင်မိုး ပြိုကျသွားခဲ့တာကို တွေ့ရပါတယ်။ မီးတောက်မီးလျှံတွေနဲ့ မီးခိုးလုံးတွေကို ဘန်ကောက်မြို့အပေါ်ကနေ ထိတ်လန့်ဖွယ် စီးမိုးမြင်နေခဲ့ရပါတယ်။ အဆိုပါနေရာနဲ့ အနီးတ၀ိုက် ဘွန်ရွန်ရက်ချွန်နာနီလမ်းသွယ် ၂ ခုကို ပိတ်ထားခဲ့ရတာမို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မေဂျာစီနီပလက်စ်ပင်ခလို အဆောက်အဦကို မေဂျာစီးပွားရေးလုပ်ငန်းစုက ၁၉၉၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ရုံပေါင်း ၁၆ ရုံ ပါဝင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up