ပုဂံဘုရားဖူးလာသည့် ထိုင်ဝမ်အမျိုးသမီးတဦး ရိုက်နှက်လုယက်ခံရ
DVB
·
July 28, 2016
ပုဂံဘုရားဖူးလာတဲ့ ထိုင်ဝမ်နိုင်ငံသား အမျိုးသမီးတဦးကို အမည်မသိလူ ၄ ဦးက တုတ်နဲ့ ရိုက်နှက်ကာ ငွေနဲ့ ပစ္စည်းတွေ လုယက်ထွက်ပြေးမှု ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ထိုင်ဝမ်သူ မစ္စ၀န်ဂျူချွန် အသက် ၃၉ နှစ်ဟာ ဓမ္မရံကြီးနဲ့ ဓမ္မရာဇက ဘုရားသွားလမ်းပေါ်မှာ ပန်းချီ ရေးဆွဲနေစဉ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ရောက်လာပြီး ပိုက်ဆံတောင်းခဲ့ရာ မပေးလို့ ခြေထောက်နဲ့လက်တွေကို တုတ်နဲ့ရိုက်နှက်ရာက မူးမေ့လဲသွားချိန်မှာ ပစ္စည်းနဲ့ ငွေတွေကို ယူဆောင်ပြီး မော်တော်ဆိုင်ကယ်နှစ်စီးနဲ့ ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
လုယက်သူတွေက မြန်မာငွေကျပ် ၈ သောင်း၊ ထိုင်ဝမ် ငွေ ၆၇၀၊ Nikon ကင်မရာ တစ်လုံး၊ ဟန်းဖုန်းတစ်လုံး၊ ပတ်စပို့၊ လေယာဉ်လက်မှတ်နဲ့ အိမ်သော့တစ်ချောင်းကို ထိုင်ဝမ်အမျိုးသမီးထံက ယူဆောင်သွားပြီး ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။