Home
မြန်မာသတင်း
မိုင်ဂျာယန်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံမူ ၈ ရပ်ချမှတ်
အေးနိုင်
·
July 28, 2016
အစိုးရအဆက်ဆက်ကို ဆယ်စုနှစ် ၇ ခုနီးပါး တော်လှန်တိုက်ခိုက်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ်ကို ဇူလိုင်လ ၂၇ ရက်နေ့က ချမှတ်ခဲ့ကြပါတယ်။ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်နေ့ထိကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးရဲ့ ဒုတိယနေ့မှာ ‘အနာဂတ်ဖက်ဒ ရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါမဖြစ်ပါဝင်ရမယ့် အခြေခံမူ ၈ ချက်’ ကို ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။ အနှစ်ချုပ်အားဖြင့် “အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသားလူမျိုးစုများ၏အခွင့်အရေးကို ကာကွယ်ခြင်း၊ ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့်ကျား-မ ဆိုင်ရာ တန်းတူညီမျှမှု၊ ပါတီစုံဒီမိုကရေစီနဲ့ ဘာသာရေးကို အခြေမခံသောနိုင်ငံ” စတဲ့ အခြေခံမူ ၈ ချက်ပဲဖြစ်ပါတယ်။ ဒီအခြေခံမူတွေထဲက အသေးစိတ်ဆက်လက်ဆွေးနွေးဖို့ အလုပ်အဖွဲ့တဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီအခြေခံမူတွေဟာ အသစ်အဆန်းတွေမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေအကြား သမ္မတဦး သိန်းစိန်အစိုးရမတက်ခင် ၂ နှစ်ခန့်ကတည်းက သဘောတူညီထားကြတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံမူတွေကို  ပြန်သုံးသပ်အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ အစည်းအဝေးပြောခွင့်ရှိသူ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ကျနော်တို့ ၂၀၀၅ ခုနှစ်ကတည်းက နယ်စပ်မှာရှိတဲ့ အဲဒီတုန်းက ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စား လှယ်တွေရော၊ နောက်တခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရော၊ အမျိုးသမီး၊ လူငယ်အဖွဲ့တွေရော အားလုံးပေါင်းပြီးတော့မှ ၂၀၀၅ ခုနှစ်မှာစတင်ဆွေးနွေးတာ ၂၀၀၈ ခုနှစ်ပြည်ထောင်စုနေ့မှာ အတည်ပြုခဲ့တာ အဲဒီထဲမှာ ပါပါတယ်။  အဲဒီအခြေခံမူတွေပေါ်မှာ အခြေခံဆွေးနွေးခဲ့တာဖြစ်ပါတယ်။” လို့ ပြောပါတယ်။ လက်ရှိအစိုးရက ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုကို လက်ခံကြောင်း ထုတ်ပြောထားသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁ ရာစု) ပင်လုံကို  လာမယ့်သြဂုတ်လနောက်ဆုံးပတ်ထက်နောက်မကျစေဘဲ ကျင်းပတဲ့အခါ ဒီညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်ခွင့်ရရေး ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကောင်စီလက်ထက် ၁၉၉၂ ခုနှစ်ကတည်းက ညောင်နှစ်ပင်အမျိုးသားညီလာခံမှာ ‘အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး’ အချက်အပါအ၀င် ဦးတည်ချက် ၆ ရပ်နဲ့ အခြေခံမူ ၁၀၄ ချက်အရ ရေးဆွဲခဲ့တာဖြစ်ပါတယ်။  ဒီဖွဲ့စည်းပုံဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သွားလို့မရဘူး၊ ပြုပြင်ပြောင်းလဲဖို့ အင်မတန်တင်းကျပ်လွန်းတယ်လို့ ထောက်ပြဝေဖန်ဆန့်ကျင်ခံနေရတာပါ။ ဒါကြောင့် မကြာမီကျင်းပတော့မယ့် ၂၁ ရာစုပင်လုံညီလာခံမှာ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုတည်ဆောက်ရေးကို ဆွေးနွေးတဲ့အခါ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် သို့မဟုတ် အသစ်ရေးဆွဲမှုကို မလွဲမသွေကြုံတွေ့ဆွေးနွေးကြရ မှာဖြစ်ပါတယ်။ အစည်းအဝေးပြောခွင့်ရသူ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာကလည်း ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရေးမှာ အစိုးရဘက်က ကန့်သတ်မှုတွေကို ဖယ်ရှားပေးရင် ပိုမိုချော မွေ့စေလိမ့်မယ်လို့ ထပ်မံပြောဆိုပါတယ်။ သူက “အန်စီအေကို လက်မှတ်ထိုးပြီးတော့မှ တက်ပိုင်ခွင့်ရှိမယ်ဆိုရင်တော့လည်း ဒါက အန်စီအေကို ပြန်ညှိရဦးမယ်၊ လက်မှတ်မထိုးဘဲနဲ့ တက်ပိုင်ခွင့်ရှိမယ်ဆိုရင်တော့ ပိုပြီးတော့ လွယ်ကူမှာပေါ့လေ၊ ခုကတော့ အန်စီအေကို လက်မှတ်ထိုးဖို့ဆိုတဲ့ နေရာမှာတော့ အစိုးရဘက်က အရင်က ကန့်သတ်ထားတာကိုး ဟိုအဖွဲ့မပါရ၊ ဒီအဖွဲ့မပါရ စသဖြင့် အဲသလိုမျိုး ကန့်သတ်ထားတော့ ကျနော်တို့မှာ နည်းနည်း အခက်အခဲရှိနေတာပေါ့၊ ကျနော်တို့မြင်တာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး မပါဝင်ဘဲနဲ့ ကျနော်တို့ နိုင်ငံက အေးချမ်းတဲ့ အဆင့်ကို မရောက်နိုင်ဘူးလို့ ကျနော်မြင်တယ်။ ဒါကြောင့် အားလုံးပါဝင်ရေးအပေါ်မှာ  ကျနော်တို့ ရပ်တည်နေတာ” လို့ ပြောပါတယ်။ ၂၁ ရာစုပင်လုံညီလာခံကို ဦးစီးဆောင်ရွက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံက ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်ရေးပြောဆိုနေသလို လွန်ခဲ့တဲ့ လေးရက်ခန့်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ကိုးကန့်တပ်မတော်၊ ရခိုင်တပ်မတော်နဲ့ တအာင်း ပလောင်တပ်မတော်တို့ကို လက်နက်စွန့်ဖို့ ထပ်မံပြောဆိုရှင်းလင်းခဲ့ပါတယ်။ ဇူလိုင် ၂၇ရက် စုံညီအစည်းအဝေးက အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လက်ရှိတိုင်း ၇ တိုင်းနဲ့ ပြည်နယ် ၇ ပြည်နယ်အစား တိုင်း ၇ တိုင်းကို အမျိုးသားပြည်နယ်တွေအဖြစ် စုဖွဲ့ကြဖို့ အလေးကဲဆွေးနွေးသတ်မှတ်ကြပါတယ်။ ဒါကြာင့် ဗမာလူမျိုးကို ပြည်နယ်တခုအဖြစ် သတ်မှတ်မယ့် ရှစ်ပြည်နယ်မူကို သတ်မှတ်ဖို့  အခွင့်အလမ်းနည်းသွားခဲ့ပါတယ်။ ကိုယ်စားလှယ်တွေက အနာဂတ် ဖက်ဒရယ်ဖွဲ့စည်းပုံအပြင် ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံဆိုင်ရာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၄ ရက်ကြာ မိုင်ဂျာယန်စုံညီစည်းဝေးပွဲကို ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားရရှိရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေက ပင်လုံလက်စွဲစာတမ်း ဆွေးနွေးမှု၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေအတွက် အခြေခံမူတွေ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာအခြေခံမူတွေ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်ပြင်ဆင်ရေးတို့ကို ဆွေးနွေးနေကြတာပါ။ မိုင်ဂျာယန်ဆွေးနွေးပွဲကျင်းပနေချိန်မှာ ရှမ်းပြည်နယ် ပင်လုံမြို့မှာ တိုင်းရင်း သားပေါင်းစုံလူငယ်ညီလာခံတရပ်ကို ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဇူလိုင် ၂၉ ရက်နေ့ထိ ကျင်းပနေကြပြီး အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးကိစ္စတွေကို ဆွေးနွေးနေကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024