A d v e r t i s e m e n t With Us

ဇနီးနှင့်ဖောက်ပြန်သည်ဟု စွပ်စွဲပြီး ဖခင်အား ပစ်သတ်သည့်အမျိုးသားကို ဖမ်းဆီး

ထိုင်းနိုင်ငံမှ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးဟာ ဖခင်ဖြစ်သူကို သူ့ဇနီးသည်နဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှု ရှိနေတယ်လို့ သံသယရှိကာ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဆူဘင် ပန်ဆူအန် အမည်ရတဲ့ အဆိုပါအမျိုးသားကို နာခွန်ဆ၀မ်ခရိုင်နဲ့ကပ်လျက် ချိုင်နတ် တပ်ခ်လီ လမ်းမပေါ်မှာ ရဲတွေနဲ့ စစ်သားတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းမှာ ဖမ်းမိခဲ့တာလို့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲဒီအမျိုးသားဟာ အသက် ၅၃ နှစ်အရွယ် ဖခင်ဖြစ်သူ သွန်ဘိုင်၊ အသက် ၁၈ နှစ်အရွယ် ဇနီးဖြစ်သူ ဆူသီပွန် ဆီဒါတို့နဲ့အတူ ဆမ်ခါဘူရီခရိုင်၊ ဟွေကရော့ ပတ္တနားဒေသမှာ နေထိုင်တာဖြစ်ပြီး ဖခင်ဖြစ်သူဟာ ဇနီးသည်နဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ သံသယ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညနေမှာတော့ ဖခင်ဖြစ်သူက အိမ်မှာ အ၀တ်ပုခက်အတွင်း အနားယူနေချိန် သူဟာ လမ်းလျှောက်လာခဲ့ကာ ဖခင်ရဲ့ရင်ဘတ်ကို သေနတ်နဲ့ချိန်ပြီး ပစ်ခဲ့တာပါ။ အဲဒီနောက် ဇနီးဖြစ်သူကိုပါ သေနတ်နဲ့ချိန်ပြီး ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် ဇနီးသည်က ထွက်ပြေးပြီး အိမ်နီးချင်းတွေကို အကူအညီတောင်းတဲ့အချိန်မှာ သူက ထွက်ပြေးသွားခဲ့ပါတယ်။ အဖမ်းခံရပြီးနောက်မှာတော့ သူဟာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့သေနတ်ကို ဆန်ခဘူရီခရိုင်ထဲမှ ဘုန်းကြီးကျောင်းတခုအနီးမှာ မြှုပ်နှံထားခဲ့တယ်လို့ ပြောပါတယ်။ သူဟာ သေနတ်နဲ့ ကျည်ဆန် ၄ တောင့်ကို သူငယ်ချင်းတဦးဆီကနေ ဘတ်ငွေ ၃၀၀၀ နဲ့ ၀ယ်ယူခဲ့ပြီး ဖခင်နဲ့ စကားမများခင်မှာ ဘီယာသောက်သုံးထားကာ စိတ်ကြွဆေးတွေလည်း သုံးထားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခုလိုဖြစ်ခဲ့ရတဲ့အတွက် သူက ဇနီးဖြစ်သူကို တောင်းပန်ခဲ့ပြီး သူတို့ရဲ့ကလေးကို ဆက်စောင့်ရှောက်ဖို့ ပြောခဲ့တာပါ။ ဒီကနေ့မနက်ပိုင်းမှာတော့ သူ့ရဲ့ပြစ်မှုအတွက် ခေါ်ဆောင်လာခဲ့ချိန်မှာ ဒေါသထွက်နေကြတဲ့ အိမ်နီးချင်း ၂၀၀ လောက် ရောက်လာခဲ့ကြပြီး ပြစ်တင်ပြောဆိုခဲ့ကြလို့ ရဲနဲ့ စစ်သား အင်အား ၅၀ လောက်က ပြန်လည်လူစုခွဲ ဖျန်ဖြေပေးခဲ့ကြရပါတယ်။ လက်ရှိမှာတော့ ဆူဘင်ကို ဆန်ခဘူရီခရိုင် ရဲစခန်းမှာ ဖမ်းဆီးထားပြီး လူသတ်မှု၊ သတ်ရန်ကြံစည်မှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုတွေနဲ့ စွဲချက်တင် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up