ကလေးဝမြို့နယ် ချင်းတွင်းမြစ်တလျှောက် သောက်ရေခက်ခဲနေ

1K
ချင်းတွင်းမြစ်ရေ တိုးလျှက်ရှိနေပြီး မြစ်ရေတွေဟာ နောက်ကျိနေတာကြောင့် မြစ်ကမ်းတလျောက်ရွာတွေမှာ သောက်ရေအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
“ကျနော်တို့ရွာမှာ ရေတက်နေတာ ဒီလ ၉ ရက်နေ့လောက်ကတည်းကပါ။ ကမ်း တလျောက်ရွာတွေ ရေထိနေတော့ သောက်ရေကလဲ အဆင်မပြေတော့ဘူးလေ။ ဒီတော့ မြစ်ထဲ ရေစီးတဲ့ အကြောထိ လှေနဲ့သွားရေခပ် ကျိုချက် သောက်ရတယ်။ ခုတော့ ရွာပါ ရေလျှံနေတော့ ကျိုချက်ဖို့ လောင်စာပါ အားနည်းနေတယ်”လို့ ကလေးဝနယ် မထုကျေးရွာက ဦးလှမင်းက ပြောပါတယ်။
လောလောဆယ် အခြေအနေမှာတော့ ကလေးဝနယ်က ရေလိုနေတဲ့ ကျေးရွာတွေကို ကလေးလွင်ပြင် ရေဘေးကူညီထောက်ပံ့ရေး အဖွဲ့နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ပေါင်းပြီး သောက်ရေသန့်ဖြန့်ဝေရေးတွေ ဆောင်ရွက်နေပါတယ်။
“မြစ်ရိုးတလျောက် ချင်းတွင်းမြစ်ရေ တိုးနေတာကြောင့် ကျေးရွာတော်တော်များများ ရေဝင်နေပြီး မြစ်ကြောင်းတစ်လျောက် ရေကြောင့် ကူးစက်မြန်ရောဂါ တခုခုဖြစ်ပွားပါက လက်ရှိအခြေအနေဟာ စိုးရိမ်ဖွယ်ဖြစ်နေတဲ့အတွက် ရေအခက်အခဲကို တတ်နိုင်သမျှ အရက်ဖက်နဲ့ ပူးပေါင်းပြီး ကူညီနိုင်ဖို့ ကျနော်တို့ရဲတပ်ဖွဲ့အနေနဲ့လည်း တဖက်တလမ်းက ကူညီဆောင်ရွက်နေပါတယ်”လို့ ကလေးခရိုင် ရဲမှူး ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။
သတင်း - မင်းရဲစစ်နိုင်