Home
မြန်မာသတင်း
မန္တလေးတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်လုပ်၊ လူ ၆ ဦးကို ဖမ်းဆီး
DVB
·
July 28, 2016
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး စီမံချက်အရ မြို့နယ်သုံးခုက မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ ၆ ဦးကို ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ရက် ၁၀၀ စီမံချက်အနေနဲ့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေအတွင်း သတင်းအရ နေရာ ၁၃ ခုကို ရဲတပ်ဖွဲ့ အင်အား ၃၀၀ ကျော်သုံးပြီး ရှင်းလင်းဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ တရားခံ ၂ ဦးကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပြောပါတယ်။ “ကျနော်တို့က ဒီနေ့ဆောင်ရွက်ချက်ကတော့ အဓိကတော့ မန္တလေးမြို့ပေါ်မှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ်တွေ မူးယစ်ဆေးဝါး အန္တရာယ်တွေကနေ တားဆီးကာကွယ်ဖို့ ဆိုပြီးတော့ အများပြည်သူကနေပြီးတော့ သတင်းပေးလာတာ ရှိပါတယ်။ တခြား သတင်းအရင်းအမြစ်တွေကနေပြီးတော့လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့အနေနဲ့ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်စေချင်တယ် ဆိုတာတွေလည်း သိရှိရပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ပစ်မှတ်တွေကို ဖော်ထုတ်ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို အဖွဲ့သုံးဖွဲ့ခွဲပြီးတော့ ပစ်မှတ်နေရာ ၁၃ နေရာမှာ ရှာဖွေခြင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ပြောပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတွေ၊ ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်နေသူတွေ၊ မှုခင်းပိုင်းတွေနဲ့ ရဲလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်း ပါဝင်ပေးစေလိုတယ်လို့ ပြောခဲ့ပါတယ်။ “သတင်းပေးတဲ့နေရာမှာလည်း ကျနော်တို့ တယ်လီဖုန်းတွေကနေတဆင့် ပေးနိုင်သလို တိုင်စာလေးတွေလည်း ရေးသားပြီးတော့ ပေးနိုင်ပါတယ်။ သတင်းတွေကို ရရှိတဲ့အခါမှာလည်း ကျနော်တို့ တိုင်စာရေးသားတဲ့သူတွေ၊ သတင်းပေးပို့တဲ့သူတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကိုလည်း အပြင်ကို လုံးဝမပေါက်ကြားစေရပါဘူးလို့ ကျနော်တို့အနေနဲ့ အာမခံပါတယ်။ သတင်းရရှိပြီးတဲ့ အချိန်မှာလည်း ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အသင့်စုဖွဲ့ထားတဲ့ အဖွဲ့တွေ အမြဲတမ်းရှိပါတယ်။ ချက်ချင်းပဲ ကျနော်တို့ အရေးတယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲတပ်ဖွဲ့ကို ကူညီသောအားဖြင့် မူးယစ်ဆေးဝါးနဲ့သော်လည်းကောင်း၊ မှုခင်းပိုင်းနဲ့သော်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးရေးပိုင်းနဲ့သော်လည်းကောင်း၊ ကျနော်တို့ ရဲတပ်ဖွဲ့က ဆောင်ရွက်သင့်တဲ့ ကိစ္စတွေရှိရင် ကျနော်တို့ကို အချိန်မရွေး သတင်းပေးပို့ဖို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်” လို့ ရဲမှူးကြီးဟန်ထွန်းက ဆက်ပြောပါတယ်။ အခုဖမ်းဆီးမှုမှာ အစိုးရသစ်လက်ထက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့အင်အား အများဆုံးသုံးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် ဆေးသုံးစွဲသူတွေကိုသာမိပြီး မူးယစ်ရာဇာတွေကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ သတင်း - အိမ်ခိုင်မြဲ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024