အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း တီမောကို ၁၇ ဂိုးပြတ်ဖြင့်နိုင်

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ အရှေ့တီမောအသင်းတို့ ဇူလိုင် ၂၇ ရက်ညနေက ယှဉ်ပြိုင်ရာ မြန်မာအမျိုးသမီးအသင်းက ၁၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အုပ်စုအဖွင့်ပွဲမှာ ၁၇ ဂိုးပြတ် အနိုင်ရခဲ့လို့ အုပ်စုကနေတက်ဖို့ အခွင့်အရေးများနေပေမယ့် တပွဲချင်းစီကိုပဲ အာရုံစိုက်ကစားမယ်လို့ မြန်မာအသင်း နည်းပြက ပြောပါတယ်။ မြန်မာကစားသမားတွေကတော့ အသင်းရဲ့ ခြေစွမ်းကို အားရကျေနပ်နေပြီး ချန်ပီယံဆုရဖို့အထိ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အရှေ့တီမောအသင်း နည်းပြကတော့ မြန်မာအမျိုးသမီးအသင်းဟာ ကာလရှည် လေ့ကျင့်ထားတဲ့ အသင်းဖြစ်လို့ အကောင်းဆုံးခြေစွမ်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သူ့အသင်းအနေနဲ့ ပြိုင်ပွဲအတွေ့အကြုံ အားနည်းလို့ ၁၇ ဂိုးပြတ်နဲ့ ရှုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ စံချိန်တင် ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် ၂၀၀၄ ခုနှစ်ကလည်း မော်ဒိုက်စ်အသင်းကို ၁၇ ဂိုးပြတ်နဲ့ပဲ အနိုင်ရခဲ့ဖူးပါတယ်။ ဇူလိုင် ၂၇ ရက်ကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စုတွင်း အခြားပွဲစဉ်မှာတော့ သြစတြေးလျ ယူ ၂၀ အသင်းက မလေးရှုားအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင် ၂၉ ရက်မှာ မြန်မာနဲ့ မလေးရှားအသင်း၊ သြစတြေးလျ ယူ ၂၀ အသင်းနဲ့ အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - လွှမ်းမိုးအောင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up