ကမ္ဘာ့အရပ်အမြင့်ဆုံးဖြစ်ရန် ရေပန်းစားနေသည့် ခွေးကလေး (ရုပ်သံ)

မေဂျာလို့အမည်ရတဲ့ အင်္ဂလန်နိုင်ငံမှ ခွေးကလေးဟာ ကမ္ဘာ့အရပ်အမြင့်ဆုံး ခွေးကလေးတကောင် ဖြစ်လာနိုင်မယ်လို့ ရေပန်းစားနေပါတယ်။
သူဟာ ဂရိတ်ဒိန်းအမျိုးအစား ခွေးကလေးတကောင်ဖြစ်ပြီး အသက် ၃ နှစ်အရွယ် ရှိနေပြီဖြစ်ကာ နောက်ခြေကို ထောက်ထားပြီး ရပ်လိုက်ရင် အမြင့် ၇ ပေ ၁ လက်မ ရှိတဲ့အတွက် ပိုင်ရှင်တွေထက်တောင် ပိုမြင့်နေတာပါ။
ပိုင်ရှင်ဖြစ်သူ ဘရိုင်ယန် ၀ီလျံစ်က “သူဟာ စိတ်နှလုံးကောင်းရှိတဲ့ ခွေးကြီးတကောင်ပါပဲ။ ပျော်ပျော်လည်း နေတတ်တဲ့အတွက် သူ့ကို တွေ့တဲ့သူတိုင်းက ချစ်ကြတယ်။ တနေကုန် သူနဲ့အတူတူ ကစားကြတယ်” လို့ ပြောပါတယ်။
သူ့ကို ခွေးပေါက်စလေး အရွယ်တည်းက ၀ယ်ခဲ့တာဖြစ်ပြီး အိမ်ထဲမှာ ချုပ်နှောင်မထားဘဲ လွတ်လွတ်လပ်လပ်ပဲ ထားလေ့ရှိတယ်လို့ ဆိုပါတယ်။
“သူက သူ့အရိပ်ကို သူပြန်ကြောက်တတ်တယ်။ ကလေးတွေနဲ့ ဆော့ရင်တော့ သူက တကယ့်ကို စတားပါပဲ” လို့ ဘရိုင်ယန်က ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ် ဘရိုင်ယန်ဟာ ဝေးလ်စ်ပြည်နယ်တောင်ပိုင်း၊ ဆွမ်ဆီးမြို့မှာ ဇနီးဖြစ်သူ ဂျူလီနဲ့အတူ ပျော်ရွှင်စွာနေထိုင်ပြီး သူတို့ရဲ့ ခွေးကလေး မေဂျာကို ကမ္ဘာ့ အရပ်အမြင့်ဆုံးခွေးအဖြစ် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန် ၀င်စေချင်နေတာပါ။
အလေးချိန် ၂၂ စတုံရှိတဲ့ မေဂျာဟာ တနေ့ကို ၂၂ နာရီကြာ အိပ်လေ့ရှိပြီး ကြက်သားနဲ့ ဆန် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားလေ့ရှိတယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်း အကဲဖြတ်အဖွဲ့ကတော့ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှာ လွန်ခဲ့တဲ့ ၃ နှစ်က ဆုံးသွားခဲ့တဲ့ ခွေးကြီး ဂျော့ခ်ျရဲ့နောက်မှာ ဆန်ကာတင်ခွေး ၃ ကောင်ထဲကနေ ရွေးချယ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျော့ခ်ျကတော့ ခြေသည်းကနေ စတိုင်းရင် အရပ်အမြင့် ၄၃ လက်မရှိကာ ကိုယ်အလေးချိန် ၁၇ စတုံ ရှိခဲ့တာပါ။