Home
မြန်မာသတင်း
သူတပါးထိခိုက်မှု အာမခံကြေး ၂ ဆကျော် ပြောင်းလဲသတ်မှတ်
DVB
·
July 27, 2016
မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ လာမယ့် သြဂုတ် ၁ ရက်နေ့မှစပြီး သူတပါးထိခိုက်မှု အာမခံကြေးကို ၂ ဆကျော် ကောက်ခံသွားမှာဖြစ်သလို လျော်ကြေးကိုလည်း ၂ ဆ ပေးလျော်တော့မှာ ဖြစ်ပါတယ်။ လာမယ့် သြဂုတ် ၁ ရက်နေ့ကစပြီး မော်တော်ယဉ်ပိုင်ရှင်တွေ အနေနဲ့ မဖြစ်မနေ ပေးသွင်းရတဲ့  သူတပါးထိခိုက်မှု အာမခံကြေးတွေကို မြန်မာ့အာမခံလုပ်ငန်းက ပြောင်းလဲ ကောက်ခံတော့မှာ ဖြစ်သလို ထိခိုက်နစ်နာသူတွေကိုလည်း လျော်ကြေးတွေ ပြောင်းလဲပေးလျော်တော့မှာ ဖြစ်ပါတယ်။ “လာမယ့်လ ၁ ရက်နေ့မှာ ကျနော်တို့က နှုန်းထားအသစ်နဲ့ တိုးမြှင့်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပရီမီယံကြေးကိုလည်း သတ်မှတ်တဲ့နှုန်းထား တဆင့်တက်လိုက်မယ်။ ထို့အတူပဲ လျော်ကြေးကျတဲ့ အခါကျတော့လည်း အရင် ၅ သိန်းကနေ ၁၀ သိန်းအထိ တိုးပြီးတော့ ပေးဦးမှာ ဖြစ်ပါတယ်” လို့ မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးမင်းသိန်းက ပြောပါတယ်။ ပြောင်းလဲကောက်ခံမယ့် နှုန်းထားတွေကတော့ လူစီးကိုယ်ပိုင်ယဉ်တွေကို အရင်က အနည်းဆုံး ကျပ် ၂၀၀၀ ကနေ  ၆၀၀၀ ကြား ကောက်ခံနေတာတွေကို အခု အနည်းဆုံး ကျပ် ၅၀၀၀ ကနေ အများဆုံး ကျပ် ၁၀၀၀၀၊ လူစီးကုန်တင်ယဉ်တွေကို အရင်က အနည်းဆုံး ကျပ် ၃၀၀၀ နဲ့ ၇၈၀၀ ကြား ကောက်ခံနေတာတွေကို အခု ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀ ကြား ပြောင်းလဲ ကောက်ခံတော့မှာ ဖြစ်ပါတယ်။ လူစီးအငှားယဉ်တွေကိုတော့ အရင်က ကျပ် ၄၅၀၀ ကနေ ၉၀၀၀ ကြား ကောက်ခံနေတာတွေကို ကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ ကြား၊ ကုန်တင် အငှားယဉ်တွေကိုတော့ ကျပ် ၄၀၀၀ ကနေ ၉၀၀၀ ကြား ကောက်ခံနေတာကနေ ကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ ကြား ပြောင်းလဲကောက်ခံသွားမှာ ဖြစ်ပါတယ်။ လျော်ကြေးအနေနဲ့ကတော့ သေဆုံးသူတဦးကို အရင်က ၅ သိန်း ပေးလျော်တာကနေ အခုအခါ ၁၀ သိန်းအထိ ပေးလျော်တော့မှာ ဖြစ်တယ်လို့ ဦးအေးမင်းသိန်းက ဆက်ပြောပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုပဲအသက်ဆုံးဆုံး သူများကိုတိုက်တာပဲဖြစ်ဖြစ်၊ ကိုယ်ကပဲ သူများကတိုက်တာကို မသေဘဲ၊ ဥပမာ လမ်းဘေးက ဓာတ်တိုင်ကို ၀င်တိုက်လို့ ကားပေါ်ကလူက သေသွားတယ်ဆိုပါတော့၊ ဘယ်လိုပဲဖြစ်သည်ဖြစ်စေ ဖြစ်စဉ်တခုမှာ ယာဉ်ကြောင့် ထိမိခိုက်မိ ဖြစ်သွားတာနဲ့ တပြိုင်တည်း သူတပါးထိခိုက်မှု အာမခံအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းက အခုနှုန်းထားအသစ်နဲ့ဆို ၁၀  သိန်း ကျနော်တို့ ပေးလျော်မှာ၊ ၁ ရက် ၈ လမှာ။” မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ အရင်ကလည်း သူတပါးထိခိုက်မှု အာမခံကြေးကို ၃ ကြိမ် ပြောင်းလဲခဲ့ဖူးသလို လျော်ကြေးကိုလည်း ၄ ကြိမ်အထိ ပြောင်းလဲခဲ့ဖူးပါတယ်။ မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ မနှစ် ၂၀၁၅ ခုနှစ်အတွင်း လူသေဆုံးမှုပေါင်း ၁၅၄၀၀ ကျော်ကို ပေးလျော်ခဲ့ပြီး နေ့စဉ် ထိခိုက်ဒဏ်ရာရသူ ၇၀ ခန့်အထိ ပေးလျော်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024