နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် ကမ္ဘာတပတ်ခရီးစဉ် အောင်အောင်မြင်မြင် ပြီးဆုံး (ရုပ်သံ)

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ရဲ့ ပထမဆုံး ကမ္ဘာတပတ်ခရီးစဉ်ဟာ ဇူလိုင် ၂၆ ရက်နေ့မှာ အောင်အောင်မြင်မြင် ပြီးဆုံးသွားပါတယ်။ နောက်ဆုံးအပိတ်ခရီးစဉ်ဖြစ်တဲ့ အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုကနေ အဘူဒါဘီမြို့တော် ခရီးစဉ်ကို လေယာဉ်မှူး ဘာထရမ် ပီကတ်ခ် (Bertrand Piccard) က မောင်းနှင်ခဲ့ပါတယ်။ ဒီ နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 လေယာဉ်ရဲ့ ကမ္ဘာတပတ်ခရီးစဉ်ကို ပြီးခဲ့တဲ့နှစ် မတ် ၉ ရက်နေ့က အဘူဒါဘီမြို့တော်ကနေ စတင်ခဲ့ပြီး နောက်လေယာဉ်မှူး တဦးဖြစ်တဲ့ အန်ဒါ ဘော့ခ်ျဘာခ်ျ (Andre Borschberg) နဲ့ တလှည့်စီ မောင်းနှင်ကြတာပါ။ လေယာဉ်မှူးနှစ်ဦးလုံး ဆွဇ်ဇာလန်နိုင်ငံသားတွေဖြစ်ပြီး ကမ္ဘာတ၀န်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲရေး အသိပညာမြှင့်တင်ဖို့ ရည်ရွယ်ကြပြီး ခရီးစဉ်ကို ၁၀ နှစ်ကျော်ကြာ ပြင်ဆင်ခဲ့ကြပါတယ်။ လေယာဉ်မှူး ပီကတ်ခ်က “ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ သန့်ရှင်းတဲ့ အနာဂတ်ဖြစ်ပြီ။ အနာဂတ်ဟာ သင်ကိုယ်တိုင်ပဲဖြစ်တယ်။ အခုပဲဖြစ်တယ်” လို့ ခရီးစဉ်အပြီး အောင်ပွဲခံ ပြောဆိုပါတယ်။ ကမ္ဘာတပတ်ခရီးစဉ်မှာ အဆင့် ၁၇ ဆင့် ပျံသန်းခဲ့ရပြီး ကမ္ဘာ့တိုက်ကြီး ၄ ခု၊ ပင်လယ် ၃ စင်းနဲ့ သမုဒ္ဒရာ ၂ စင်းကို ဖြတ်သန်းခဲ့ကြပါတယ်။ ခရီးစဉ်အဆင့်တခုဖြစ်တဲ့ ဂျပန်နိုင်ငံကနေ ဟာဝိုင်ယီကျွန်း ခရီးစဉ်ဟာ ၁၁၈ နာရီ ကြာမြင့်ပြီး လေယာဉ်မှူး ဘော့ခ်ျဘာခ်ျက ကမ္ဘာ့အရှည်ကြာဆုံး တကိုယ်တော် လေယာဉ်မောင်း ခရီးစဉ်အဖြစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ကမ္ဘာတပတ်ခရီးစဉ် ပြီးခဲ့တဲ့နှစ်မှာပဲ ပြီးစီးမယ်လို့ လေယာဉ်မှူးတွေ မျှော်လင့်ခဲ့ကြပေမယ့် လေယာဉ်ပျံသန်းတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း ရာသီဥတုက ထင်သလောက် အကောင်းဆုံး အနေအထား မရှိခဲ့ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ၅ ရက်နဲ့ ၅ ည ကြာမြင့်ခဲ့တဲ့ ဂျပန်-ဟာဝိုင်ယီ ခရီးစဉ်မှာ လေယာဉ်ဘက်ထရီတွေ ပျက်စီးသွားပြီး ခရီးစဉ်ကို ၁၀ လကြာ ရပ်နားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up