A d v e r t i s e m e n t With Us

မြန်မာအမျိုးသမီး ဘောလုံးအသင်း ခြေစွမ်းပိုင်း တိုးတက်လာ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
မြန်မာအမျိုးသမီးအသင်းဟာ ခြေစွမ်းပိုင်း တိုးတက်လာတဲ့အပြင် ကြိုးစားမှုလည်း ကောင်းတယ်လို့ မြန်မာနည်းပြ ရော်ဂျာရိုင်နာက ချီးကျူးပြောဆိုလိုက်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှာ အရှေ့တီမောအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ “မြန်မာအသင်းရဲ့ ခြေစွမ်းကို ကျေနပ်ပါတယ်။ အရင်ကထက်ပိုပြီး တိုးတက်လာပါတယ်။ ထူးချွန်တဲ့ လူငယ်ကစားသမားတွေရှိလို့ အားရမှုရှိပါတယ်။ မြန်မာကစားသမားတွေအနေနဲ့ အချိန်တိုင်း ကြိုးစားမှု အရမ်းပြင်းထန်လို့ ဒီအချက်ဟာ ဂုဏ်ယူစရာကောင်းတဲ့ အချက်တခုပါ။ ပြိုင်ပွဲမှာလည်း အကောင်းဆုံးခြေစွမ်း ပြသနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဖွင့်ပွဲမှာတွေ့ရမယ့် အရှေ့တီမောအသင်းရဲ့ အကြောင်းကို သိပ်မသိသေးပေမယ့် အင်တာနက်ကနေ လေ့လာထားပါတယ်။ ဒီပွဲက ကျနော်တို့အသင်းအတွက် အရေးကြီးတဲ့ပွဲဖြစ်လို့ အကောင်းဆုံး ခြေစွမ်းပြကစားပြီး နိုင်ပွဲရယူဖို့ ကြိုးစားမှာပါ” လို့ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ရော်ဂျာရိုင်နာက ပြောပါတယ်။ မြန်မာအမျိုးသမီးအသင်းမှာ လူငယ်ကစားသမားတွေ ပါဝင်နေပေမယ့် နည်းပြက သေချာလေ့ကျင့်ပေးထားတဲ့အတွက် ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံ ရလိမ့်မယ်လို့လည်း မြန်မာအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဦးအေးမောင်ကြီးက ဆိုပါတယ်။ “ကိုယ်တို့နဲ့မတူတဲ့ နည်းပြဆရာရဲ့ လုပ်ပုံကိုင်နည်းလေးကတော့ လူတိုင်းလူတိုင်းက ဥပမာ ဒီ Position က လူတိုင်းလူတိုင်း ၀င်ကစားရင် ဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားဖြစ်အောင်ကို သူက လေ့ကျင့်ပေးထားတယ်။ အဲ့တော့ Experience ဆိုတဲ့ တပိုင်းပါသလို ဖြစ်နိုင်အောင်လို့ ဒီကစားသမားတွေကို လေ့ကျင့်ပေးထားတယ်။ ယုံကြည်မှုလည်းရှိအောင် လေ့ကျင့်ပေးထားတယ်ဆိုတော့ ကစားနည်းလေးတောင်မှ ပြောင်းလာတာရှိတယ်။ ပြောင်းလာတာ လူတိုင်းလူတိုင်းက Midfield ဆို Midfield၊ ဒီနေရာမှာ လူမရှိဘူးဆိုရင် နောက်တယောက်ထည့်တယ်။ ကိုယ်တို့ မျိုးစုံစမ်းတယ်။ နောက်တယောက်ထည့်ပေးတော့လည်း ဒီပုံစံလေးက မပြောင်းဘူး။ အဲဒါမျိုးကို သူရိုက်ပြီးတော့ သွင်းထားတာလေးက၊ အတွေ့အကြုံရှိရင်တော့ ပိုပြီးတော့တော့ ကောင်းတယ်။ သို့သော် အတွေ့အကြုံနည်းတဲ့သူနဲ့ ၀င်ကစားလည်း ဒီအသင်းက ပုံပျက်သွားမလားဆို မပျက်နိုင်ဘူး။” မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း အိမ်ရှင်ပရိသတ်တွေရှေ့မှာ ချန်ပီယံဆုရတဲ့အထိ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။ “ပြောရရင်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပရိသတ်၊ ကိုယ့်အိမ်ကွင်းမှာ ကစားရမယ်။ ပြီးတော့ ကျနော့်ရဲ့ မွေးရပ်မြေ မန္တလေးမှာလည်း ကစားရမှာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ ဒီချန်ပီယံဆုကိုပေါ့နော် မန္တလေးပရိသတ်တွေကော တတိုင်းပြည်လုံးမှာရှိတဲ့ ပရိသတ်တွေကော ပျော်ရွှင်မှုရအောင် ကျနော်တို့ကလည်း ချန်ပီယံဆုကို အကောင်းဆုံး ကြိုးစားပြီးတော့ ရယူပေးမယ်ပေါ့။ ကျနော် အမြင့်ဆုံး မျှော်မှန်းထားပါတယ်။” မြန်မာအမျိုးသမီးအသင်းဟာ အာဆီယံဖလားပြိုင်ပွဲ ၈ ကြိမ်မှာ ဗိုလ်လုပွဲ ၅ ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပြီး ၂၀၀၄ နဲ့ ၂၀၀၇ ပြိုင်ပွဲတွေမှာ ချန်ပီယံနှစ်ကြိမ် ရရှိထားပါတယ်။ သတင်း - လွှမ်းမိုးအောင်

A d v e r t i s e m e n t With Us

More News
Up