Home
မြန်မာသတင်း
ဖက်ဒရယ်ဘုံသဘောထားချမှတ်ရန် မိုင်ဂျာယန်တွင် ကြိုးပမ်း
အေးနိုင်
·
July 26, 2016
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ဒီကနေ့စတင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ မျက်နှာစုံညီအစည်းအဝေးကနေ အားလုံးလက်ခံသဘောတူညီနိုင်မယ့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက် တွေ သဘောတူချမှတ်ကြဖို့ သဘာပတိနဲ့ ကျင်းပရေးကော်မတီဥက္ကဌတို့ ၂ ယောက်စလုံးက တိုက်တွန်းကြပါတယ်။ ဒီအစည်းအဝေးဟာ ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက် ရယူရေးအတွက် ရည်ရွယ်ကျင်းပတာလို့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ခူးဦးရယ်က နှုတ်ခွန်းဆက် မှာ ပြောပါတယ်။ ဒီရည်ရွယ်ချက်တွေပေါက်မြောက်ဖို့ ပြင်ဆင်ထားတဲ့ခေါင်းစဉ်တွေက ပင်လုံလက်စွဲစာတမ်း ဆွေးနွေးအတည်ပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများအတွက် အခြေခံမူများ၊ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာ အခြေခံမူ များနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်ပြင်ဆင်ရေးတို့ပဲ ဖြစ်ကြပါတယ်။ အခမ်းအနားသဘာပတိ ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီအစည်းအဝေးဟာ တိုင်းရင်းသားတွေရဲ့ ပိုမိုခိုင်မာတဲ့ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ပြောပါတယ်။ သူက “တဖက်မှာ အစိုးရဖက်ကလည်း နိုင်ငံရေးပြသနာများကို ဆွေးနွေးအဖြေရှာနိုင်မယ့် အခင်းအကျင်းကို ဖော်ဆောင်နိုင်ဖို့အတွက် ၂၁ ရာစု ပင်လုံညီလာခံကို ပြုလုပ်သွားမယ့် အစီအစဉ်ရှိနေပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားများဖက်ကလည်း ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ပုံဖော်သွားနိုင်မယ့် ဘုံသဘောထားများ သဘောတူချမှတ်သွားနိုင်ဖို့ လွန်စွာ အရေးကြီးလှပါတယ်။” လို့ ပြောပါတယ်။ သဘောတူညီချက်တွေကို ဘယ်လိုလက်တွေ့အကောင်အထည်ဖော်မလဲဆိုတာကိုလည်း ၀ိုင်းဝန်းဆွေးနွေးဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၇ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အားလုံးပါဝင်မှုရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ရေး၊ မြောက်ပိုင်းဒေသ တွေမှာ တပ်မတော်ထိုးစစ်တွေ ရပ်တန့်ပေးဖို့၊ စစ်ပဋိပက္ခမှာပါဝင်နေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးက ‘စစ်မှန်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တပြိုင်တည်း ကြေညာနိုင်ရေး ကိစ္စအားလုံးသဘောတူလက်ခံနိုင်တဲ့ နိုင်ငံရေး မူဘောင်ဖြစ်ရေးအရေးကြီးမှု စတာတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လက “၂၁ ရာစုပင်လုံညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များအကြားမှာ ထားရှိခဲ့တဲ့ နိုင်ငံရေးပဋိညာဉ်ကို ဆက်လက်သယ်ဆောင် ပြီးတော့ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် အဖြေရှာနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းဖြစ်ဖို့လိုအပ်မှာဖြစ်ကြောင်း တိုက်တွန်း ပြောဆိုထားခဲ့ပါတယ်” လို့ ပြောပါတယ်။ ဒီစုံညီအစည်းအဝေးပွဲမှာ တပြည်လုံး အပစ်ခတ်ရပ်စဲရေးစာချုပ် အန်စီအေ လက်မှတ်ရေးထိုး ခဲ့ကြတဲ့အဖွဲ့တွေ၊ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်)နဲ့ အမျိုးသမီးများ အဖွဲ့ချူပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ) အဖွဲ့အစည်းတွေလည်း တက်ရောက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တက်လာပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်ရာမှာ ၂၁ ရာစုပင်လုံညီလာခံကို လာမယ့် သြဂုတ်လ နောက်ဆုံးပတ်ထက်နောက်မကျဘဲကျင်းပဖို့နဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး အတွက် ကြိုးပမ်းနေပါတယ်။ သဘာပတိဗိုလ်ချုပ်ကြီးအင်ဘန်လက “ပင်လုံစာချုပ်နဲ့ပတ်သက်ပြီး မေးခွန်းတခုရှိပါတယ်။ ဒီပင်လုံစာချုပ်ကို အကောင်အထည်မဖော်ချင်တဲ့သူတွေ ဘယ်သူတွေလဲ။ ဘာကြောင့် အကောင်အထည် မဖော်ချင်ရတာလဲဆိုတဲ့ မေးခွန်းပါဘဲ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024