A d v e r t i s e m e n t With Us

အင်္ဂပူတွင် ကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများ အကူအညီလိုအပ်

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက သက္ကယ်တန်းကျေးရွာအုပ်စုရှိ ရေလက်ျာကျေးရွာ ဘုရားကုန်းကျေးရွာတို့မှာ ကမ်းပါးပြိုကျလို့ ပြောင်းရွှေ့နေထိုင်နေတဲ့ အိမ်ထောင်စုတွေ စားဝတ်နေရေးအကူအညီ လိုအပ်နေကြပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့က စပြီး ဧရာဝတီမြစ်ကမ်းပါးပြိုကျလို့ လူနေအိမ်တွေ ဘေးလွတ်ရာတွေ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။ ခုလက်ရှိ ကျေးရွာနှစ်ခုပေါင်းက အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၁၇၀ ကျော်တို့အတွက် လိုအပ်နေတဲ့ အကူအညီကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကဦးစီးပြီး တပိုင်တနိုင် ကူညီနေ ကြပါတယ်။ မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဟင်္သာတခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ဒုဦးစီးမှူးတို့က အိမ်ထောင်စုတစုကို ၂၀၀၀၀ ကျပ်နဲ့ အစားအစာနဲ့ သောက်ရေသန့်တွေ လာရောက်လှူဒါန်းခဲ့ပါတယ်။ ခိုလှုံတဲ့နေရာမှာ ရက်ရှည်ကြာတာနဲ့အမျှ သောက်သုံးရေနဲ့ အခြားကျန်းမာရေး ပြဿနာ အခက်အခဲတွေ ရင်ဆိုင်ရမှာကို ရေဘေးသင့်သူတွေက ပူပန်နေကြပါတယ်။ ကမ်းဝေးအရပ်မှာ ခိုလှုံနေထိုင်နေရပြီး ၀င်ငွေရတဲ့အလုပ်အကိုင်မရှိကြတာကြောင့် အစားအစာ၊ ဆေးဝါးနဲ့ မရှိမဖြစ်အသုံးအဆောင်လိုအပ်ချက်တွေကို ကူညီမယ့် အလှူရှင်တွေ လိုအပ်နေပါတယ်။ သတင်း - သန်းထိုက်မြင့်

A d v e r t i s e m e n t With Us

More News
Up