မြန်မာအသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

လွန်ခဲ့တဲ့လပိုင်းက ရန်ကုန်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာဘောလုံးပရိသတ်က တဖက်(အိုမန်)အသင်းအပေါ် ပြုမူချက်တွေအပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် ပိတ်ပင်လိုက်သလို ဒဏ်ငွေအမေရိကန်ဒေါ်လာ သုံးသောင်းနီးပါး​ ချမှတ်လိုက်ပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအကြို အာရှဇုံ ဒုတိယအဆင့် ခြေစစ်ပွဲမှာ မြန်မာနဲ့ အိုမန် အသင်းတို့ ကစားစဉ်အတွင်း ဖြစ်ခဲ့တဲ့ပြဿနာကို အရေးယူလိုက်တာပါ။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ လက်ခံကစားစဉ် ပွဲကြည့်ပရိသတ်တွေက ကွင်းထဲကို ပုလင်းခွံတွေ၊ ခဲတွေနဲ့အတူ ရေဘူးတွေနဲ့ပါ ပစ်ပေါက်တဲ့အထိ ဖြစ်ခဲ့တာမို့ ပွဲကို ရပ်နားလိုက်ရတဲ့အပေါ်မှာ ဖီဖာက အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအရေးယူခံရတဲ့အတွက် နိုင်ငံဂုဏ်သိက္ခာကျဆင်းသလို ဘောလုံးလောက အတွက်လည်း နစ်နာတယ်လို့ မြန်မာလောလုံးအဖွဲ့ချုပ်ပြောခွင့်ရ ဦးစိုးမိုးက ပြောပါတယ်၊ “တိုင်းပြည်သိက္ခာ၊ ဘောလုံးသိက္ခာ ကျတာပေါ့ဗျာ။ အရှိန်ယူနေတဲ့အချိန်မှာ ဒီလိုမျိုး အရေးယူခံရတယ်ဆိုတော့ မကောင်းဘူးပေါ့။ ဘောလုံးပိတ်တာရော၊ ဒဏ်ရိုက်တာရော၊ အရေးယူခံရပြီဆိုရင် ဘာမှ မကောင်းဘူး။ အရေးယူမခံရအောင် ကျနော်တို့ အားလုံးနဲ့ ညှိပြီး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မှ ရမယ်။ ကျနော်တို့နိုင်ငံအတွက် နစ်နာတယ်ဆိုတာ ပရိသတ်တွေ နည်းနည်းတော့ နားလည်သွားမှာပေါ့နော်။ တဒင်္ဂမှားပြီးသွားပြီဆိုရင် မှားတာကို အပြစ်မပြောတော့ဘဲနဲ့ ဒါမျိုး နောက်ထပ် ထပ်မမှားဖို့ပဲပေါ့။” ငွေဒဏ်ကို မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အိတ်စိုက် ပေးဆောင်နိုင်ပေမယ့် ၂၀၁၈ ခြေစစ်ပွဲပိတ်တာကိုတော့ အသနားခံစာတင်မယ်လို့ ဦးစိုးမိုးက ပြောပါတယ်။

//
More News
Up