အိန္ဒိယမြောက်ပိုင်းတွင် အစ္စရေး ခရီးသွားအမျိုးသမီးတဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟီမာရှယ်ပရာဒေ့ရှ်ပြည်နယ်ထဲမှာ အစ္စရေးနိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးဟာ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတွေက သတင်းထုတ်ပြန်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အဆိုပါအမျိုးသမီးဟာ အဲဒီနေ့ မနက်အစောပိုင်း ၃ နာရီလောက်မှာ မာနာလီ အပန်းဖြေစခန်းကနေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့အသွား လမ်းမှာတွေ့တဲ့ ကားတစီးကို အငှားယာဉ်လို့ထင်ပြီး တားခဲ့တာပါ။
ဒါပေမယ့် သူ့ကို လမ်းကြုံလိုက်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် အဲဒီကားနဲ့ လိုက်သွားခဲ့တာဖြစ်တယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီကားပေါ်မှာ အမျိုးသား ၆ ဦး ပါဝင်ပြီး လမ်းမပေါ် လူပြတ်တဲ့နေရာအရောက်မှာ သူ့ကို ကားပေါ်ကလူ ၂ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ မာနာလီရဲစခန်းမှ တာဝန်ရှိသူ ပါဒမ်ချန်ဒ်က ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါအမျိုးသမီးကို ဆေးရုံပို့ဆောင်ကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးနေပြီး ဆေးစစ်စမ်းသပ်ချက် မှတ်တမ်းတွေ မကြာခင် ထွက်လာမယ်လို့ ဆိုပါတယ်။
ရဲတွေက နယူးဒေလီအခြေစိုက် အစ္စရေးသံရုံးကို အကြောင်းကြားခဲ့ပြီး မကြာခင်မှာ တရားခံတွေကို ဖမ်းမိနိုင်မယ်လို့ ပြောခဲ့တာပါ။
မာနာလီဟာ အိန္ဒိယနိုင်ငံရဲ့ ကျော်ကြားတဲ့ တောင်ပေါ် အပန်းဖြေစခန်း နေရာတခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး လာရောက်လည်ပတ်ကြတဲ့ နေရာတခု ဖြစ်ပါတယ်။
ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ နိုင့်ထက်စီးနင်းမှုတွေ၊ မတော်မတရား ပြုကျင့်စော်ကားမှုတွေဟာ ၂၀၁၂ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံမှာ ပိုပိုဆိုးရွားလာနေခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
၂၀၁၃ ခုနှစ်တုန်းကလည်း အမေရိကန်နိုင်ငံသူ အမျိုးသမီးတဦးဟာ မာနာလီမှာပဲ ထရပ်ကားတစီးပေါ်မှာ အမျိုးသား ၃ ဦးရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ခံခဲ့ရပါသေးတယ်။